Committee Representing Pyidaungsu Hluttaw Statement No.2/2022 - ပြည်သူ့အာဏာသိမ်းခံရခြင်း တစ်နှစ်ပြည့် သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၂၂)

Description: 

၁။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့သည် ပြည်သူလူထုက လွတ်လပ်ပြီး တရားမျှတစွာဖြင့် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရထံမှ အကြမ်းဖက် စစ်တပ်က လက်နက်အားကိုး၍ မတရားအာဏာသိမ်းခဲ့ရာ တိုင်းပြည်အ‌မှောင်ထု ကျ‌ရောက်ခဲ့ သည့် တစ်နှစ်ပြည့်မြောက်သောနေ့ ဖြစ်ပါသည်။ ၂။ အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူများက ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်‌ထားခဲ့ သည့် နိုင်ငံ၏ တိုးတက်မှုများကို အကြမ်းဖက်စစ်တပ်က မြန်မာပြည်တစ်လွှား လက်နက် အားကိုး၍ နည်းမျိုးစုံဖြင့် အကြမ်းဖက်ဖျက်ဆီးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့ ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးသည့် ဖက်ဆစ်စစ်တပ်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကျရာတာဝန်များ ထမ်း ဆောင်လျက် ရဲရဲဝံ့ဝံ့တော်လှန်ခဲ့ကြသည်မှာလည်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၃။ လွန်ခဲ့သော ၁၀ နှစ်ကာလအတွင်း ရရှိခဲ့သည့် ဒီမိုကရေစီအကျိုးတရားများကို အသက်ပေး၍ ကာကွယ်ရန်နှင့် နှစ်ပေါင်းကြာရှည်စွာ လက်နက်အားကိုးဖြင့် ပြည်သူလူထု အပေါ်၌ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးခဲ့သည့် စစ်အာဏာရှင်များနှင့် ဖက်ဆစ်စနစ်ဆိုးများအား မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်ရန် ပြည်သူတစ်ရပ်လုံးက အကြမ်းမဖက်သော အာဏာ ဖီဆန်ခြင်းနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ၄။ တိုင်းပြည်အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုခဲ့ကြသည့် စစ်အာဏာရှင် အုပ်စုတို့သည် ၎င်းတို့၏ အကျိုးစီးပွားနှင့် အာဏာတည်မြဲရေးအတွက် ပြည်သူထောင်ပေါင်း များစွာတို့အား ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မတရားစွဲဆိုချက်များဖြင့် ထောင်ချခြင်း၊ ပြည်သူတို့၏ အိုးအိမ်စည်းစိမ်ဥစ္စာတို့အား စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သိမ်းပိုက်ဖျက်ဆီးပြီး အကြမ်းဖက်ဖိနှိပ်လျက်ရှိသည်မှာ မြန်မာနိုင်ငံတွင်းသာမက နိုင်ငံတကာကပါ မြင်တွေ့သိရှိ ကြပြီးဖြစ်ပါသည်။ ယင်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် လူသတ် စစ်အာဏာရှင်များ နှင့် အပေါင်းအပါများအပေါ် ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ ၅။ အခက်အခဲများစွာနှင့် ဆင်းရဲပင်ပန်းမှုဒုက္ခမျိုးစုံ ကြုံတွေ့နေရသည့်တိုင် မိမိတို့ တိုင်းပြည်နှင့် လူမျိုးအနာဂတ်အတွက် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ရည်ရွယ်ချက်များကို လက်ကိုင်ထားလျက် ခက်ခဲကြမ်းတမ်းသည့် တော်လှန်ရေးခရီးကြမ်းတစ်လျှောက် မဆုတ်မနစ်သော ဇွဲလုံ့လသတ္တိတို့နှင့် စည်းလုံးညီညွတ် စွာ အတူတကွပါဝင်ခဲ့ကြသည့် မျိုးဆက်သစ်လူငယ်များ၊ အကြမ်းဖက်အာဏာဖီဆန်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်း များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ကူညီအားပေးနေကြသည့် ပြည်ပ ရောက် မြန်မာပြည်ထောင်စုဖွားတိုင်းရင်းသားများ၊ ပြည်သူလူထုအပေါင်းတို့အား လေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။ ၆။ အာဏာသိမ်းခံရခြင်း တစ်နှစ်ပြည့်သည့်တိုင် အာဏာရှင်စစ်ကောင်စီအား နိုင်ငံ အတွင်းရှိ ဒေသအများအပြား၌ အုပ်ချုပ်ခွင့်မပေးသည့်အပြင် နိုင်ငံတကာမှလည်း စစ်ကောင်စီ အပေါ် နိုင်ငံရေး၊ စီးပွား‌ရေးနှင့် သံတမန်ရေးတို့အရ အရေးယူပိတ်ဆို့ တုံ့ပြန်မှုများသည်လည်း ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၏ ညီညွတ်ကြိုးပမ်းအားထုတ်မှုကြောင့်ပင် ဖြစ်သည်။ ၇။ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်း နှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အသက်သွေးချွေးများစွာရင်း၍ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေ ကြသည့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များ ပေးအပ်ရေးတို့ကို ဆက်လက်ကူညီဆောင်ရွက်ပေးကြပါရန်နှင့် စစ်အာဏာရှင်များအပေါ် စီးပွားရေးနှင့် သံတမန်ရေး ပိတ်ဆို့အရေးယူမှုများကို ပိုမိုဖိအားပေး လုပ်ဆောင်ပေးကြရန် တောင်းဆိုတိုက်တွန်းပါသည်။ ၈။ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ စနစ်ဆိုးများ လုံးဝပပျောက်စေရေး နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ အမျိုးသမီးများနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံရေး အင်အားစုများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် အောင်ပွဲရသည်ထိ ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်နေသကဲ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ပြည်သူ လူထုနှင့်အတူ အစဉ်အမြဲ တစ်သားတည်းရပ်တည်ကာ ဆက်လက်လက်တွဲကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-02-01

Date of entry: 

2022-02-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

365.99 KB

Resource Type: 

text

Text quality: 

    • Good