Sub-title:
ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထောက်မှုဆိုင်ရာ နိုင်ငံတကာအကူအညီအထောက်အပံ့များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Description:
"၁။ အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) တို့သည် "COVID-19 ကာကွယ်ဆေးနှင့်စပ်လျဉ်း၍ ပြည်သူထံတင်ပြခြင်း" ထုတ်ပြန်ချက်ကို (၁၈-၁၀-၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် မိမိတို့ အနေဖြင့် COVAX Facility, GAVI အပါအဝင် UN အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ CTF ၏ အခြေခံမူနှင့် လုပ်ငန်းစဉ်များဖြစ်သည့် (က) ပြည်သူသာ အဓိက ဖြစ်ရမည်၊ (ခ) ပွင့်လင်းမြင်သာမှုရှိရမည်၊ (ဂ) ညီမျှသော ဆက်ဆံမှု ရှိရမည် ဟူသော ပြည်သူအခြေပြု မူဝါဒ (၃) ရပ်ကို (၁၆-၉-၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မူဝါဒ (၃) ရပ်နှင့် အညီ တန်းတူညီမျှ ကာကွယ်ဆေး ထိုးနှံနိုင်ရေးမူဝါဒကို မျှမျှတတဖြစ်စေရန် CTF က ညှိနှိုင်း ဆွေးနွေးနေသည့်အပြင် GAVI ၏ ဆောင်ရွက်ချက်များကိုလည်း နိုင်ငံတကာနှင့်အတူ စောင့်ကြည့်လျက်ရှိပါကြောင်း ပြည်သူကို အသိပေးတင်ပြခဲ့ပြီးဖြစ်ပါသည်။
(https://nhcmyanmar.org/public-report-on-covid-19-vaccine.../)
၂။ သို့ရာတွင် ယနေ့အချိန်အထိ တိုင်းရင်းသားပြည်သူများအားလုံး တန်းတူညီမျှ ကာကွယ်ဆေး ထိုးနှံနိုင်ရေးမူဝါဒနှင့်အညီ ဆောင်ရွက်ရန် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးချက်များကို COVAX Facility, GAVI အဖွဲ့အစည်းအနေဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း မရှိဘဲ (၃၀-၃-၂၀၂၂) ရက်နေ့တွင် COVAX Facility, GAVI သည် Sinovac အမျိုးအစား COVID-19 ကာကွယ်ဆေး (၂.၂) သန်းကျော်ကို အကြမ်းဖက်စစ်ကောင်စီသို့ ပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။
၃။ COVAX Facility, GAVI အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၊ စစ်ဘေးရှောင် ပြည်သူများ၊ အကြမ်းဖက်စစ်ကောင်စီ၏ ဘေးအန္တရာယ်မှ တိမ်းရှောင်ထွက်ပြေးနေရသည့် ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများကို ယနေ့အချိန်အထိ ပေးအပ်ခဲ့ခြင်း လုံးဝ မရှိပါ။
၄။ သို့သော်လည်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) နှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ လက်တွဲ၍ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များနှင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို စိန်ခေါ်မှုများရှိသည့်တိုင် နယ်စပ် ဒေသများကို အခြေပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၅။ မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar) အပါအဝင် UN အဖွဲ့ အစည်းများ၊ COVAX Facility, GAVI နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအပြင် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီအထောက်အပံ့များကို အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်မှု လုံးဝ မရှိသည့် Third Party အဖွဲ့အစည်းများမှတစ်ဆင့်သော်လည်းကောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စွက်ဖက်မှု ကင်းမဲ့သည့် နယ်စပ်ဒေသများကို ဖြတ်ကျော်၍သော်လည်းကောင်း တိုင်းရင်းသား ပြည်သူများထံ လက်ဝယ်အရောက် ပေးပို့နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ တကာအဖွဲ့အစည်းများသည် အထက်ဖော်ပြပါ ပြည်သူအခြေပြုမူဝါဒ (၃) ရပ်ကို မသွေဖည် စေဘဲ ဆောင်ရွက်ရန် ထပ်မံအသိပေးထုတ်ပြန်အပ်ပါသည်။..."
Source/publisher:
National Health Committee - Myanmar
Date of Publication:
2022-04-05
Date of entry:
2022-04-05
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
508.6 KB
Resource Type:
text
Text quality:
- Good