ဖော်ပြချက်/အကြောင်းအရာ:
"အောက်တိုဘာလ (၂၃) ရက်နေ့ ည ၈နာရီခွဲဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၉) အနန့်ပါ (A Nang Pa) ၌ အောက်တိုဘာလ (၂၅) ရက်နေ့ တွင်ကျရောက်မည့် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO) နေ့အထိမ်းအမှတ်ပွဲအကြို တေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်(၄)စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုခဲ့ရာ အနုပညာရှင်အချို့နှင့် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်ဟု ကနဦး သိရှိရပါသည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့အာဏာကို မတရားလုယူခဲ့သည့် ကာလအတွင်း တိုင်းရင်းသား နယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ(၂၀၀)ကျော် သေဆုံးခဲ့ရကာ ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် ကလေးငယ်များစာသင်ကြားနေသော စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်များ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ကလေးငယ် (၇) ဦးအပါအဝင် စုစုပေါင်း (၁၄) ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်အပြီး တစ်လကျော်ကာလအတွင်း ပြည်သူအများအပြားရှိနေသော ဂီတဖျော်ဖြေပွဲ ကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ ဗုံးကြဲကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန် လိုက်ခြင်းပင်ဖြစ်သည်။ ဂျနီဗာသဘောတူစာချုပ်၏ ပြဌာန်းချက်တွင် စစ်ရေးစစ်ရာကိစ္စများ၏ အစိတ်အပိုင်း အဖြစ် ပါဝင်ပတ်သက်နေခြင်းမဟုတ်လျှင် အရပ်သားပြည်သူများသည် တိုက်ခိုက်ခံရခြင်းဘေးမှ အကာအကွယ်ရရှိစေရမည်ဟု ပြဌာန်းထားသောကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွင်း ကျဆုံးခဲ့ကြရသော တိုင်းရင်းသားပြည်သူများအတွက် များစွာဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ကျဆုံးခဲ့သူ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုပြန်လည်ရရှိရေး ပြည်တွင်း နှင့် နိုင်ငံတကာ တရားဥပဒေများ နှင့် အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။ အရပ်ဖက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သော လေကြောင်းတိုက်ခိုက်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် တိုက်တွန်းလိုက်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-10-24
Date of entry:
2022-10-24
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
467.22 KB
Resource Type:
text
Text quality:
- Good