၂၀၂၃ ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူးနေ့အတွက် ပေးပို့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၏ သဝဏ်လွှာ

Description: 

"၁။​ယနေ့ကျရောက်သော နိုင်ငံတကာနှစ်သစ်ကူးနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများ သာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူသွေးချင်းမောင်နှမများအားလုံး ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းအဖြာဖြာ ရရှိပိုင်ဆိုင်နိုင်ကြကာ နှစ်ဟောင်း၏ အတွေ့အကြုံများအား နှစ်သစ်တွင် အားအင်တစ်ရပ်အဖြစ် အသုံးပြုလျက် ရည်မှန်းသော အောင်မြင်မှုပန်းတိုင်အသီးသီးသို့ လှမ်းလျှောက်နိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။​နိုင်ငံတကာနှစ်သစ်ကူးနေ့ အခါကာလများတွင် အခမ်းအနားများ၊ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ကျင်းပ၍ ကြိုဆိုကြသော်လည်း မိမိတို့မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စု၏ လက်နက်အားကိုး အာဏာသိမ်းယူခြင်းကို ခံထားကြရသည့်အပြင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ပြည်သူလူထုအား အကြောင်းမဲ့ ဖမ်းဆီးထောင်ချ ထားကာ နေ့စဥ် ပြည်သူလူထုသည် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် နေရာဒေသအသီးသီးတွင် ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ပိုင်ဆိုင်မှုများအား ခိုးယူချိတ်ပိတ်ခံရခြင်း၊ ဖျက်ဆီးမီးရှို့ခံရခြင်းနှင့် စစ်ဘေး စစ်ဒဏ်သင့်ကာ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ ကြုံတွေ့နေကြရသည်မှာ လပေါင်း (၂၂)လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ၃။​လွတ်လပ်၍တရားမျှတသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူလူထုက ယုံကြည်စွာ မဲပေးရွေးချယ်ခဲ့ကြသည့် ဆန္ဒမဲရလဒ်သည် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုရရှိထားသည်သာမက ပြည်သူကိုယ်စားပြု မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူလူထုနှင့်အတူ တသားတည်းရပ်တည်ကာ ရှေ့သို့ ချီတက်လျှောက်လှမ်း လျက်ရှိရာ အကြမ်းဖက်စစ်တပ်၏ လက်နက်အားကိုး အင်အားပြကာ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် မည်သည့်နည်းလမ်းဖြင့်မျှ အကောင်အထည်ပေါ်လာနိုင်မည် မဟုတ်သည်ကို ယုံကြည်ပါသည်။ ပြည်သူ့အင်အားသည် ပြည်သူများ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ပိုင်ဆိုင် ထားရှိပြီး မည်သည့်အာဏာရှင်အုပ်စုများက ဝင်ရောက်သွေးခွဲဖြိုဖျက်ပါစေ ပျောက်ဆုံးပျက်သုဥ်း သွားနိုင်မည် မဟုတ်သည်ကို သွေးချွေးအသက်များ ရင်းနှီးပေးဆပ်ထားသည့် နွေဦးတော်လှန်ရေး သမိုင်းက သက်သေပင်ဖြစ်ပါသည်။ ၄။​အကြမ်းဖက်စစ်အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်များ၊ မတရားဖိနှိပ် သတ်ဖြတ်ခြင်းများနှင့် လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်ခြင်းတို့အပေါ် တွန်းလှန်ဆန့်ကျင်ရင်း အမှန်တရားအတွက် ပြည်သူလူထုအနေဖြင့် ရရာလက်နက်ကိုင်စွဲ၍ ယခုနွေဦးတော်လှန်ရေး၏ အခန်းကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြစ်စဥ်သည် မည်သည့်နိုင်ငံတွင်မှ တွေ့ကြုံဖူးခြင်းမရှိသေးသည့် မိမိတို့ နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးမှုအင်အား ပြယုဂ်တစ်ခုဖြစ်သည်ကို လေးစားဂုဏ်ယူစွာ ဖော်ညွှန်း လိုပါသည်။ ​ ၅။​မြန်မာနိုင်ငံတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကြပ်အတည်းများစွာဖြင့် ကြုံတွေ့ နေကြရသော်လည်း ဒီမိုကရေစီအား မြတ်နိုးတန်ဖိုးထားကြသော အာဏာရှင်အမြစ်ပြတ်ရေး နွေဦး တော်လှန်ရေးခရီးကြမ်းတွင် အတူပူးပေါင်းပါဝင်၍ အကောင်းဆုံးကြိုးပမ်းထမ်းဆောင်နေသူ ပြည်သူ ပြည်သားတစ်ဦးချင်းစီ၏ လူသားအခွင့်အရေးပြည့်ဝစွာ ရရှိခံစားနိုင်စေရန် နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ၊ အာဆီယံအသိုက်အဝန်းနှင့် အရပ်ဖက်မိတ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များအပေါ် လျစ်လျူရှုခြင်းမပြုဘဲ ပြတ်သားစွာ ရပ်တည်နိုင်ကြစေရန်နှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများအား ပိုမိုအားစိုက်လုပ်ဆောင်ပေးနိုင်ပါရန် ၂၀၂၃ ခုနှစ် နိုင်ငံတကာနှစ်ကူးနေ့တွင် တိုက်တွန်းတောင်းဆို အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-01-01

Date of entry: 

2023-01-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

184.66 KB

Resource Type: 

text

Text quality: 

    • Good