(၃၄) နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ၏ သ‌ဘောထားထုတ်ပြန်ကြေညာချက်

Description: 

"ယနေ့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြွေးကြော်သံများကို ကိုင်စွဲကာ နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ လူထု လူတန်းစားအလွှာအသီးသီးမှ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသော ၈၈၈၈ (ရှစ်လေးလုံး) လူထုတော်လှန်ရေးကြီး၏ (၃၄) နှစ် ပြည့်မြောက်သော နှစ်ပတ်လည်နေ့ အခါသမယ ဖြစ်ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီသူရဲကောင်းများစွာ၊ ရဟန်းရှင်လူ ပြည်သူ မြောက်များ စွာတို့၏ အသက်သွေးချွေး ဘဝများ စတေးခဲ့ရပြီး စစ်အာဏာရှင်၏ မတရားဖိနှိပ် ညှင်းပန်းနှိပ်စက်မှုများကို အံတုကာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပုခုံးထမ်းတင်ပေးခဲ့သော မြန်မာ့ ဒီမိုကရေစီခရီးလမ်း၏ ဂုဏ်ရောင် ပြောင်မြောက်သည့် သမိုင်းစာမျက်နှာတစ်ခုလည်းဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ၁၉၅၈ မှ စတင်ခဲ့သော စစ်အာဏာရှင်/တစ်ပါတီအာဏာရှင်စနစ်ကို အဆက်ဆက်တော်လှန်ခဲ့ကြသည့် ၁၉၆၂ မှသည် ၁၉၇၄-၇၅-၇၆ စသော ရှေ့မျိုးဆက်အသီးသီး၏ တော်လှန်ရေးတာဝန်ကို လက်ဆင့်ကမ်း ကျေပွန်ခဲ့ကြသည့် အပြင် ၁၉၉၆-၉၈လှုပ်ရှားမှုများ ၊၂၀၀၇ရွှေဝါရောင်တော်လှန်ရေး စသည့် နောင်မျိုးဆက်များကိုပါ ဒီမိုကရေစီ ခရီးတွင် ခြေကုပ်မြဲစေရန် မျိုးစေ့ချပေးနိုင်ခဲ့သည့် ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။ လက်ရှိ အချိန်အခါသည်လည်း ရှစ်လေးလုံးလူထုအရေးတော်ပုံ အပါအဝင် ရှေ့မျိုးဆက်အသီးသီးမှ လက်ဆင့် ကမ်းခဲ့သော တော်လှန်ရေးအောင်လံကို နွေဦးတော်လှန်‌ရေးတွင် ယနေ့မျိုးဆက်သစ်များမှဆက်လက် သယ်ဆောင်၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးစုပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် မျိုးဆက်အသီးသီး လက်တွဲတိုက်ပွဲဝင်နေသော ကာလ ဖြစ်ပါသည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် မျိုးဆက်အသီးသီးသည် လက်ချင်းတွဲ၍ ကျရာ သမိုင်းပေးတာဝန် များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး စစ်အာဏာရှင်၏ ရက်စက်ရမ်းကားမှုများကြောင့် အသက်သွေးချွေး ဘဝများ ရဲရင့်စွာ ပေးဆပ်သွားခဲ့ကြသည့် သူရဲကောင်းများလည်း ရှိပါသည်။ ထို့ပြင် စစ်အာဏာရှင်၏ တရားမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး နိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များ စစ်ကြောရေးများတွင် မတရားချုပ်နှောင်ခံထားရသော တော်လှန်ရေးညီအစ်ကိုမောင်နှမများသည်လည်း အကျဥ်းသားအခွင့်အ‌ရေးများ မရရှိသည့် အပြင် ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားလက်မဲ့ သတ်ဖြတ်ခြင်းများ ဆိုးဝါးစွာ ကျူးလွန်ခံရ လျက်ရှိသည်။ ထိုသို့ စစ်အာဏာရှင်၏ ဖိနှိပ်ရက်စက်မှုများ ကြားမှပင် ဖမ်းဆီးခံ တော်လှန်ရေး ညီအစ်ကိုမောင်နှမများသည် ပြည်တွင်းနှင့် နိုင်ငံတကာရှိ နွေဦးတော်လှန်ရေး ပြည်သူများနှင့် တသားတည်းရှိကြောင်း ပြသသည့်အနေဖြင့် တော်လှန်ရေးတိုက်ပွဲများ ဆက်လက်၍ ဆင်နွှဲနေကြလျက်ရှိပါသည်။ ထို့ကြောင့် အသက်နှင့်ဘဝများ ပေးဆပ်ခဲ့သည့် သူရဲကောင်းများ၏ စွန့်လွှတ်မှုနှင့် အခက်အခဲများကြားမှပင် ဆက်လက်တိုက်ပွဲဝင်နေသော ဖမ်းဆီးခံတော်လှန်ရေးမောင်နှမများ၏ အသံများကို ကြီးမြတ်စွာ ဂုဏ်ပြုသည့်အားဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာရှိ ကျွန်ုပ်တို့ မျိုးဆက်အသီးသီးမှ ထိုအင်အားများကို ဆက်လက်ကိုင်စွဲ၍ ဤနိုင်ငံမြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသည်အထိ အတူလက်တွဲ တိုက်ပွဲဝင်ကြပါမည်ဟု လေးနက်စွာ ထုတ်ပြန်အပ်ပါသည်။ “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” “စစ်အာဏာရှင် စနစ် မုချ ကျဆုံးရမည်” “အရေးတော်ပုံ အောင်ကိုအောင်ရမည်” တော်လှန်ရေးသစ္စာဖြင့် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)..."

Source/publisher: 

The 88 Generation Peace and Open Society

Date of Publication: 

2022-08-08

Date of entry: 

2022-08-08

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

154.79 KB

Resource Type: 

text

Text quality: 

    • Good