အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများ အကျဉ်းချုပ်ဖော်ပြချက်

Description: 

"အာဏာသိမ်းစစ်အုပ်စု၏ လူမဆန်စွာ ရက်စက်မှုများမှာ မတရားအာဏာလုယူမှု လပေါင်း (၉) လ ကြာလာသည့်အချိန်ထိ ဆထက်တိုး၍ ပိုမိုဆိုးရွားလာနေသည်။ မြို့ရွာများအတွင်း အကြမ်းဖက်ဝင်ရောက်စီးနင်းမှုများ၊ လက်နက်ဖြင့်ပစ်ခတ်မှုများကြောင့် ကလေးသူငယ် များအပါအဝင် အရပ်သားထိခိုက်နစ်နာခံစားရမှုများမှာ တိုင်းနှင့်ပြည်နယ်အနှံ့ ရင်ဆိုင်နေရလျက်ရှိသည်။ ထို့အပြင် မတရားဖမ်းဆီးပြီးနောက် အခကြေးငွေဖြင့် ပြန်လည်ရွေးခိုင်းမှုများ၊ စစ်ဘေးရှောင်များ၏ နေရာ များထိ လိုက်လံခြိမ်းခြောက်နှောင့်ယှက်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများကိုလည်း စနစ်တကျကျူးလွန် လျက်ရှိရာ ပြည်သူများအား အကြောက်တရားလွှမ်းမိုးနေစေရန် အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် အကောင် အထည်ဖော်လျက်ရှိသည်။ အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးနှင့်ဆက်နွယ်သော ပြစ်ဒဏ် ချမှတ်ခြင်းခံရသူ (၁၃၁၆)ဦး၊ တရားရင်ဆိုင်နေရသူ (၄၃၂၀)ဦး၊ စုစုပေါင်း (၅၆၃၆) ကို လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ မတရားဖမ်း ဆီးခံခဲ့ရသူများကို ယခုကဲ့သို့ ပြန်လည်လွှတ်ပေးမည်ဟု ကြေညာ ခြင်းမှာ နိုင်ငံတကာအသိုက်အဝန်း၌ မျက်နှာပန်းလှစေရန် နိုင်ငံရေးရည်ရွယ်ချက်အရ လွှတ်ပေးခဲ့ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ လွှတ်ပေးခဲ့သည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းပြုချက်များအရ အောက်တိုဘာ ၃၁ အထိ အရေအတွက် အားဖြင့် (၄၀၇၂) ဦးမှာ လွတ်မြောက်လာခဲ့ပြီး ထိုအထဲမှ ပြန်လည်ဖမ်းဆီးခံရသူ အရေအတွက်မှာ (၁၂၂) ဦး ရှိသည်။ ထို့ပြင် ပြန်လည်ဖမ်းဆီးမှုများကြောင့် တိမ်းရှောင်နေရသူများလည်းရှိနေသလို ပြန်လည်အဖမ်းခံရ သော အရေအတွက်မှာ မြေပြင်တွင် ထိုထက်ပိုများမည်ဖြစ်သည်။ အောက်တိုဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၊ ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘုရားကျောင်းတစ်လုံးနှင့် အိမ်ခြေ (၄၀၀) လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း သိရှိရ သည်။ အောက်တိုဘာ ၂၉ ရက်နေ့က ထန်တလန်မြို့ မီးလောင်မှု ဖြစ်စဉ်ကို စစ်အုပ်စုဘက်က ငြင်းဆန်ထား သော်လည်း စစ်အုပ်စုအမာခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူက လူမှု ကွန်ရက်စာမျက်နှာထက်မှတစ်ဆင့် ထန်တလန်ဖြစ်စဉ်ကို နမူနာယူကြရန် ပြည်သူလူထုကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ထောက်ခံမဲအများဆုံးရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီရုံးများ၊ အဖွဲ့ဝင်များ၊ ထောက်ခံသူများကို စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာ အောက်တိုဘာ အတွင်း ပါတီရုံး အနည်းဆုံး (၁၀) ရုံးထက်မနည်း တိုက်ခိုက်ခံရမှုဖြစ်ပေါ်ခဲ့သည်။ ပါတီရုံး၏ ခြံစည်းရိုး၊ တံခါး၊ ဆိုင်းဘုတ်၊ ဗီနိုင်းနှင့် အလံများ ရိုက်ချိုးဖျက်ဆီးပစ်ခြင်းများအပြင် ရုံးခန်းအတွင်း ဝင်ရောက်ကာ ပစ္စည်းများ ဖျက်ဆီးယူငင်ခြင်း၊ မီးကွင်းပစ်ခြင်း၊ ဗုံးပစ်ထည့်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးခြင်း စသည့်ပုံစံများ ဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီအဖွဲ့ဝင်များနှင့် အရပ်သားများ ပိုင်ဆိုင်သော ဟိုတယ်၊ ဆေးရုံ၊ နေအိမ်နှင့် ဆိုင်ခန်းများအား အကြမ်းဖက်စစ်အုပ်စုက မတရားသိမ်းဆည်းချိတ်ပိတ်မှုများကို အောက်တိုဘာလအတွင်း အနည်းဆုံး (၂၅) ခုထက်မနည်း ကျူးလွန်ခဲ့သည်။ ဖမ်းဆီးမှု AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အချက်အလက်များအရ အောက်တိုဘာ ၁ ကနေ ၃၁ ရက်နေ့အထိ စစ်အုပ်စု ၏ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း (၃၁၉) ရှိခဲ့သည်။ အမျိုးသမီးဦးရေ (၈၀)ဦး၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ (၉)ဦးနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၂၇) ဦး ပါဝင်သည်။ စစ်အာဏာရှင်ကို နေ့စဉ်ဆန္ဒပြနေသည့် မန္တလေးမြို့မှ သံဃသမဂ္ဂစစ်ကြောင်းသည် အောက်တိုဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် လမ်းပေါ်၌ ချီတက်ဆန္ဒထုတ်ဖော်နေစဉ် အရပ်ဝတ်များ ဝတ်ဆင်ထားသော စစ်အုပ်စု၏ လက်နက်ကိုင် ၁၀ ဦးခန့်က အိမ်စီးကား နှစ်စီးဖြင့် ရောက်ရှိလာပြီး ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့သည်။ အဆိုပါဖြိုခွင်းမှုတွင် သံဃာ(၅)ပါးကို လူဝတ်လဲကာ သေနတ်ဖြင့်ချိန်၍ ရိုက်နှက် ဖမ်းဆီးသွားခဲ့သည့်အပြင် လူပုဂ္ဂိုလ် (၃)ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြပြီး ယင်းနေ့ ညပိုင်းတွင် မြတောင်ကျောင်းတိုက်ကို ဝင်ရောက်စီးနင်း၍ ရှာဖွေခဲ့ကြပြန်သည်။ အလိုရှိသူကို ဖမ်းမမိ၍ မိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများမှာ နေ့စဉ်ရက်ဆက် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ရာ စစ်တပ် အာဏာသိမ်းအပြီး ပြည်သူ့ဘက်ရပ်တည်၍ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ နေပြည်တော်အခြေစိုက် ရဲတပ်ဖွဲ့မှ ရဲအုပ်၏ဇနီးနှင့် အသက် (၉) နှစ်အရွယ် သမီးတို့မှာ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသလဲဆိုသည်ကို မသိရှိရသေးပေ။ ထို့အပြင် အောက်တိုဘာ ၉ ရက်နေ့တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၌လည်း ဖခင်ဖြစ်သူကို ဖမ်းမမိ၍ ဇနီးသည်နှင့်အတူ နှစ်နှစ်နှင့် ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့မှု ဖြစ်ပေါ်ခဲ့သည်။ သတ်ဖြတ်မှု စစ်အုပ်စု၏ အညှိုးထားတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ (၇၉) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ (၁၇) ဦး၊ အမျိုးသမီး (၆) ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၃) ဦး ပါဝင်သည်။ ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ်ထောင် ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်သား (၁၀၀) ခန့်မှ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ထွက်ပြေးသော ဒေသခံရွာသားများကို လိုက်လံပစ်ခတ်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံရွာသား (၅) ဦးမှာ လယ်တောအတွင်း ကျည်ထိမှန်၍ အသက်သေဆုံးခဲ့ကြ ရသည်။ ထို့ပြင် နေအိမ်များကို ဖျက်ဆီးသွားခဲ့ပြီး ဒေသခံများ၏ ကား ငါးစီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် အစီး ၄၀ နှင့် ဆန်၊ဆီ စသည့် ရိက္ခာများကိုပါ ယူဆောင်သွားခဲ့သည်။ မကွေးဗဟိုအကျဉ်းထောင်မှ အောက်တိုဘာလ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာသူ ကိုကျော်နိုင်ထွန်း (ခ) အသေးလေးကို အောက်တိုဘာလ ၂၇ ရက်နေ့က မကွေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှုနှင့် ပက်သတ်ပြီး မသင်္ကာမှုဖြင့် နေအိမ်တွင် စစ်တပ်က ထပ်မံလာရောက်ဖမ်းဆီးပြီးနောက် နောက်တစ်ရက်အကြာ အောက်တိုဘာ လ ၂၈ ရက်နေ့တွင် အလောင်း လာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသည်ဟု ရဲက ပြောဆိုသော်လည်း သေဆုံးသူ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းတခုလုံး (အထူးသဖြင့် နောက်စေ့) ပျက်စီးကျေမွနေကြောင်း သိရှိ ရသည်။ အထက်ပါဖေါ်ပြချက်များသည် အာဏာသိမ်းစစ်အုပ်၏ အောက်တိုဘာလအတွင်း၌ ကျူးလွန်ခဲ့သော တရားမဲ့ အကြမ်းဖက်မှု များအား အကျဉ်းချုပ်ဖေါ်ပြချက်မျှသာဖြစ်ပြီး အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ထိုကဲ့သို့ လူမဆန်သော အကြမ်းဖက်ကျူးလွန်မှုများ များစွာရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း.."

Source/publisher: 

Assistance Association for Political Prisoners (AAPP)

Date of Publication: 

2021-11-03

Date of entry: 

2021-11-04

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.11 MB

Resource Type: 

text

Text quality: 

    • Good

Remote URL: