အမျိုးသားညီညွတ်ရေးအစိုးရက (၇၄) နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၂ ခုနှစ် သြဂုတ်လ (၉) ရက်နေ့သည် သီးခြားလွတ်လပ်သည့် ကရင်နီပြည်အား ကျူးကျော်လာသည့် စစ်အာဏာရှင်များကို ကရင်နီအမျိုးသားများက ရရာလက်နက်စွဲကိုင်၍ ကရင်နီပြည် ပြန်လည်ထူထောင်ရေးအတွက် ခုခံတော်လှန်ခြင်း (၇၄) နှစ် ပြည့်မြောက်သော နေ့ဖြစ်ပါသည်။ ၂။ ဘီစီ ၇၃၉ ခုနှစ်မှ စတင်၍ ကိုယ့်မင်းကိုယ့်ချင်းဖြင့် သီးခြားလွတ်လပ်ပြီး ခိုင်မာသော သမိုင်းကြောင်းနှင့် သွင်ပြင်လက္ခဏာများအပေါ် အခြေခံ၍ မားမားမတ်မတ် ရပ်တည်ခဲ့သည့် ကရင်နီပြည်သည် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် မကြာမှီလွတ်လပ်လာမည့် မြန်မာပြည်၏ ပြည်နယ်တစ်ခုအဖြစ် ပူးပေါင်းပါဝင်သွားရန် လွတ်လပ်သော ကရင်နီပြည်ထောင်စု ကောင်စီ၏ ဆန္ဒသဘောထား ဆုံးဖြတ်ချက် မပါဘဲ တချို့သော ကရင်နီခေါင်းဆောင်များက ဖဆပလ ခေါင်းဆောင်များနှင့် ပူးပေါင်းရန် လက်မှတ်ရေးထိုးခဲ့သောကြောင့် ကရင်နီပြည်သည် မြန်မာပြည်အတွင်း ပါဝင်ခဲ့ရပါသည်။ ၃။ ထို့အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ဖဆပလတပ်များက ကရင်နီပြည်ထောင်စုကောင်စီ ရုံးစိုက်ရာ မန်းလား (မြလဲ) ရွာကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်လာခဲ့ရာ လွတ်လပ်သည့် ကရင်နီပြည် ပြန်လည်တည်ထောင်ရေးကို မျှော်မှန်း၍ ကရင်နီခေါင်းဆောင်များသည် မြန်မာပြည် ဖဆပလ အစိုးရကို လက်နက်ကိုင်ခုခံတော်လှန်ရေးဖြင့် စတင်ဆင်နွဲခဲ့ပါသည်။ ယင်းနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာခဲ့ကြပါသည်။ ၄။ ကရင်နီအမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ခုခံတော်လှန်စစ် ဆင်နွှဲလာခဲ့သည့် နှစ်ပေါင်း (၇၄) နှစ်အတွင်း ကရင်နီအမျိုးသား ခေါင်းဆောင်၊ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားနှင့် ပြည်သူလူထု၏ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်ကို အမှတ်ရလျက် လေးစားဦးညွတ်အလေးပြုအပ်ပါသည်။ ၅။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုင်းပြည်အာဏာအား မတရားသိမ်းပိုက်ရန် ကြိုးပမ်းသည့်နောက်ပိုင်းတွင် ကရင်နီပြည်ရှိ ပြည်သူလူထုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သော ရက်စက်မှုများကို များစွာခံစားကြရပါသည်။ အပြစ်မဲ့ ပြည်သူလူထုကို မတရားဖမ်းဆီးသတ်ဖြတ်ပြီး အိုးအိမ်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်စီးမှုများသည် လက်ခံနိုင်ဖွယ်ရာမရှိသော အကြမ်းဖက်မှုများဖြစ်သည်။ ၆။ သို့ရာတွင် စစ်ကောင်စီ၏ မတရားအာဏာသိမ်းအုပ်ချုပ်ရန် ကြိုးပမ်းမှုကို ကရင်နီတမျိုးသားလုံးနှင့် ကရင်နီတော်လှန်ရေးအင်အားစုများမှ လက်မခံဘဲ ဆန့်ကျင်တော်လှန်နေကြသည်ကို မြင်တွေ့ရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူရပါသည်။ ၇။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲတို့ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် ကရင်နီအမျိုးသားခုခံတော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုလျက် (၇၄) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက် ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-08-09

Date of entry: 

2022-08-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

409.94 KB

Resource Type: 

text

Text quality: 

    • Good