“Blue Shirt Day for Burma”၊တော်လှန်ရေးခေါင်းဆောင်ကြီး ဦးဝင်းတင် ကွယ်လွန်သည့် (၉)နှစ်ပြည့်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး Dr. Sasa ၏ ထုတ်ပြန်ချက်။

Description: 

"Blue Shirt Day သည် မြန်မာနိုင်ငံ၏ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ အလွန်အရေးပါသောနေ့ဖြစ်သည်။ ဒီမိုကရေစီ၏ရန်သူများဖြစ်သော အကြမ်းဖက်စစ်အာဏာရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲတည်ထောင်သူလည်းဖြစ်၊ နိုင်ငံကျော်သတင်းစာဆရာ ဟံသာ၀တီဦး၀င်းတင်ကို ၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ (၁၉)နှစ်တိုင်တိုင် အကြမ်းဖက်အာဏာရှင်များ၏ အကျဥ်းထောင်ထဲတွင် ရက်ရက်စက်စက် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။ ဒီမိုကရေစီခေါင်းဆောင် ဆရာကြီးဦး၀င်းတင်ကို (၁၉) နှစ် ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းသည် မြန်မာ့ဒီမိုကရေစီအရေးကို ဖမ်းဆီးချုပ်နှောင်နိုင်ရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သော်လည်း ဆရာကြီးဦး၀င်းတင်သည် အကျဉ်းထောင်ဝတ်စုံဖြစ်သော Shirt အပြာရောင်ကို ကွယ်လွန်သည်အထိ ဝတ်ဆင်ခြင်းဖြင့် စစ်လက်နက်တွေပိုင်ဆိုင်သော အကြမ်းဖက်စစ်အာဏာရှင်များကို တော်လှန်လာခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဆရာကြီးဦး၀င်းတင် အကျဉ်းထောင်မှလွတ်လာပြီးနောက် အကျဥ်းထောင်ထဲမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဥ်းချခံနေရသော နိုင်ငံရေးအကျဥ်းသားများနှင့်အတူတကွ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ခံယူချက်ကို ဖော်ပြသည့်အနေဖြင့် အပြာရောင်ရှပ်အကျီအား ဆက်လက်၀တ်ဆင်ခဲ့ပါသည်။ ဆရာကြီးဦး၀င်းတင်သည် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ အကြမ်းဖက်စစ်အာဏာရှင်များ၏အကျဥ်းထောင်မှ လွတ်မြာက်သောနေ့မှစပြီး ကွယ်လွန်သည့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိ (၆)နှစ်အတွင်း နေ့စဥ်မပျက်မကွက် အပြာရောင်ရှပ်အကျီတစ်မျိုးတည်းကို ၀တ်ဆင်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံသော နိုင်ငံရေးစနစ်ကို အယုံအကြည်ရှိခြင်းကြောင့် ရက်ရက်စက်စက် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော "နိုင်ငံရေးအကျဥ်းသားများ မိမိနိုင်ငံ‌ရေးယုံကြည်ခြင်းကြောင့် ဖမ်းဆီးခြင်းခံနေရသရွေ့ ကျွန်တော်တို့အားလုံးဟာ အကျဥ်းသားတွေပဲ" ဟုဆိုကာ ၎င်း၏ခံယူချက်ကို နောက်ဆုံးအချိန်အထိ ပြတ်ပြတ်သားသားဖော်ပြခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ဒီမိုကရေစီခေါင်းဆောင်ကြီး ဦး၀င်းတင်ကွယ်လွန်သည့် တစ်နှစ်ပြည့်တွင် ဆရာကြီးဦး၀င်းတင်၏ ဒီမိုကရေစီအရေးအတွက် တစိုက်မတ်မတ်လှုပ်ရှားမှုများကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်ထမြောက်ရေးအတွက် ဒီမိုကရေစီနိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ Blue Shirt Campaign ကို စတင်ပြုလုပ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုတစ်ခုအဖြစ် အကောင်အထည်ဖော်လာခဲ့သည်မှာ ယနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှာ (၉)နှစ်တိတိရှိပြီဖြစ်သည်။ ဒီမိုကရေစီခေါင်းဆောင်ကြီး ကွယ်လွန်သွားပြီဖြစ်သော်လည်း သူ၏လှုပ်ရှားမှုနှင့် ဆောင်ရွက်ချက်များသည် အရှိန်အဟုန်နှင့် ဆက်လက်ရှင်သန်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထု ဖက်ဒရယ်ဒီမိုကရေစီရရှိမှာကို အလွန်ကြောက်ရွံ့ တုန်လှုပ်လျက်ရှိသော အကြမ်းဖက်စစ်အာဏာရှင်များသည် ဆရာကြီးဦး၀င်းတင်ကို (၁၉)နှစ်တိုင်တိုင် ထောင်နံရံတွေထဲ အကျဉ်းချထားခဲ့သော်လည်း မြန်မာပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးယုံကြည်ချက်ကို လုံး၀မထိန်းချုပ်နိုင်သည်မှာ ယနေ့နွေဦးတော်လှန်ရေးက အသစ်တစ်ဖန် ပြသလျက်ရှိပါသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းကို ယုံကြည်သောသူတွေကို ရက်ရက်စက်စက် ဖမ်းဆီးချုပ်နှောင်ခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင်များသည် ဖက်ဒရယ်ဒီမိုကရေစီကိုယုံကြည်သော မြန်မာပြည်သူလူထုကြီး၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးအပေါ် ခံယူချက်နှင့် ယုံကြည်ခြင်းကို လုံး၀မချုပ်နှောင်နိုင်သကဲ့သို့ မဖျက်ဆီးနိုင်သည်မှာ ထင်ထင်ရှားရှားဖြစ်ပါသည်။ ဆရာကြီးဦး၀င်းတင်က သူ့ဘဝတလျှောက်လုံး အကြမ်းဖက်စစ်အာဏာရှင်များ​၏ ထောင်သွင်းအကျဉ်းချပြီး အသက်ဘေးအန္တရာယ်ထိခိုက်အောင် ညှဉ်းပန်းနှိပ်စက်မှုများကို ကြံ့ကြံ့ခံသက်သေပြခဲ့သလို ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်စသည့် အာဇာနည်အပေါင်းတို့သည်လည်း ၎င်းတို့အသက်နှင့်လဲပြီး ကမ္ဘာသိအောင် ကြေငြာခဲ့ပြီးဖြစ်ပါသည်။ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်နှင့် အပေါင်းအပါတို့ကို ရက်ရက်စက်စက်ကြိုးပေးပြီး သတ်ဖြတ်ခဲ့သော်လည်းပဲ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင်များသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့၏ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးအပေါ် ခံယူချက်နှင့် ယုံကြည်ချက်ကို လုံး၀မဖျက်ဆီးနိုင်ပါ။ ၎င်းတို့၏ယုံကြည်ချက်နှင့် ခံယူချက်သည် ယနေ့ ပြည်သူ (၅၄) သန်းကျော်၏ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်လျက်ရှိပြီး ဆရာကြီး ဦး၀င်းတင်နှင့် အပေါင်းအပါတို့၏ ယုံကြည်ခြင်းများသည် မြန်မာပြည်သူလူထု (၅၄) သန်းကျော်​၏ယုံကြည်ခြင်း၊ ခံယူခြင်းများပင်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်များမှ ပြည်သူ့အာဏာကို နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား စစ်ပွဲကြီးများဖြစ်ရာတွင် အသုံးပြုသော စစ်လက်နက်များကို အသုံးပြုပြီး ပြည်သူ့လက်ထဲမှလုယူရန်ကြိုးစားခဲ့ပြီးနောက် ယနေ့ ၂၀၂၃ ခုနှစ်အထိ (၂) နှစ်ကျော်ကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူ အပြစ်မဲ့ပြည်သူစာရင်းမှာ နေ့စဥ်နေ့တိုင်း တိုးပွားလျက်ရှိပါသည်။ ယခု ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးခံပြည်သူဦးရေ ၂၀,၀၀၀ နီးပါးရှိနေပြီး အကြမ်းဖက်စစ်ကောင်စီမှ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံရသူ ပြည်သူဦးရေမှာ ၄,၀၀၀ နီးပါး ရောက်ရှိနေပြီဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ မတရား ရက်ရက်စက်စက် ဖမ်းဆီးချုပ်နှောင်ခံရသည့် အပြစ်မဲ့ပြည်သူစာရင်းတွင် မြန်မာပြည်သူလူထုက လွတ်လပ်တရားမျှတပြီး ဒီမိုကရေစီစံချိန်စံနှုန်းနှင့်အညီ ရွေးကောက်တင်မြှောက်ထားသော လူထုခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်လည်း ပါ၀င်နေပါသည်။ မြန်မာပြည်သူများ ဖက်ဒရယ်ဒီမိုကရေစီရရှိမှာကို အလွန်ကြောက်ရွံသော အကြမ်းဖက်စစ်အာဏာရှင်များသည် အပြစ်မဲ့ပြည်သူ ၂၀,၀၀၀ နီးပါးကို ဖမ်းဆီးချုပ်နှောင်ထားပြီး အပြစ်မဲ့ပြည်သူ ၄,၀၀၀ နီးပါး ရက်ရက်စက်စက် သတ်ဖြတ်သည်သာမက လွန်ခဲ့သော (၂)နှစ်ကျော်အတွင်း စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းအပါအ၀င် ပြည်သူ့ အသက်အိုးအိမ် ၆၀,၀၀၀ ကျော်ကို ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ကောင်စီသည် ဆရာကြီးဦး၀င်းတင်၏နိုင်ငံရေးယုံကြည်ချက်ကို ဖျက်ဆီးဖို့ကြိုးစားခဲ့သလို မြန်မာပြည်သူလူထုကြီး၏ နိုင်ငံရေးယုံကြည်ချက်ကို အကြိမ်ကြိမ်အခါခါဖျက်စီးရန် စစ်ကြေငြာပြီး စစ်လက်နက်များကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်း နည်းမျိုးစုံလုပ်နေသော်လည်းပဲ သူတို့အောင်မြင်မှာမဟုတ်ကြောင်း သူတို့သိနေသည့်အပြင် ၎င်းတို့ နေ့တိုင်းလုပ်ဆောင်နေသည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များက ဒီမိုကရေစီ၏ရန်သူများဖြစ်သော အကြမ်းဖက်စစ်အာဏာရှင်များအနေနဲ့ ဘယ်တော့မှအောင်မြင်မှာမဟုတ်ကြောင်းကိုလည်း ၎င်းတို့၏လုပ်ရပ်များက သက်သေပြလျက်ရှိပါသည်။ လွန်ခဲ့သော (၂)နှစ်ကျော်အတွင်း ဖက်ဒရယ်ဒီမိုကရေစီရန်သူများဖြစ်သည့် အကြမ်းဖက်စစ်အာဏာရှင်များသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားသော မြန်မာပြည်သူလူထုကို စစ်ကြေငြာပြီး အကြိမ်‌ပေါင်း ၁၀,၀၀၀ နီးပါး စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူလူထု ၄,၀၀၀ နီးပါးအသက်ဆုံးရှုံးပြီး ပြည်သူလူထုအသက်အိုးအိမ် ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးသည့်အပြင် ယနေ့ ဆရာကြီးဦး၀င်းတင်ကွယ်လွန်သည့် (၉)နှစ်ပြည့်မှာ အပြစ်မဲ့ပြည်သူလူထု (၁.၆) သန်းထက်မနည်းသောအရေအတွက်သည် အိုးမဲ့အိမ်မဲ့ဘ၀နှင့် ပြသနာပေါင်းများစွာကို ကြုံတွေ့လျက်ရှိပြီး အပြစ်မဲ့ပြည်သူလူထု (၁၇) သန်းကျော်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးအမျိုးမျိုးနှင့် ရင်ဆိုင်နေရ၍ မြန်မာနိုင်ငံလူဦးရေ (၅၄) သန်းကျော်ထဲမှ အပြစ်မဲ့ပြည်သူလူထု (၂၇) သန်းကျော်သည် အလွန်ဆင်းရဲနွမ်းပါးခြင်းအောက်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အကယ်၍ စစ်အာဏာရှင်များသာမရှိခဲ့လျှင် မြန်မာနိုင်ငံမှာ ဆရာကြီးဦးဝင်းတင်နှင့်တကွ ခေတ်အဆက်ဆက်ဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားသူများ​၏ ဖက်ဒရာယ်ဒီမိုကရေစီအပေါ် ယုံကြည်ချက်များကို အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံသည် ယခုအခါ အရှေ့တောင်အာရှတွင် တိုးတက်နေသော စင်ကာပူ(Singapore) နိုင်ငံကို ကျော်နေမည်မှာမလွဲပေ။ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ‌အဖြစ် တည်ဆောက်ရမည့်အိပ်မက်နှင့် ခံယူခြင်းများသာ အကြမ်းဖက်စစ်အာဏာရှင်များက အနှောက်အယှက်မပေးဘဲ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သည့် မြန်မာ့တပ်မတော်ကို Professionnal Federal Army အဖြစ် အကောင်အထည်ဖော်ခဲ့လျှင် ယနေ့မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီ အထွန်းကားဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု (USA) ကဲ့သို့လည်းကောင်း၊ ဂျာမနီနိုင်ငံ(Germany)ကဲ့သို့လည်းကောင်း၊ ယူကေနိုင်ငံ(UK)ကဲ့သို့လည်းကောင်း၊ သြစတေးလျနိုင်ငံ(Australia) ကဲ့သို့လည်းကောင်း ဖြစ်နေနိုင်မည်။ သို့ရာတွင် အကြမ်းဖက်စစ်အာဏာရှင်များကြောင့် ယခုအခါ မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား(North Korea) ထက် ပိုမိုဆိုးရွားသော နိုင်ငံအဖြစ်သို့ရောက်ရှိနေပြီး အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်ကိုလည်း Time မဂ္ဂဇင်းမှာ ကမ္ဘာ့ဆိုးရွားသော အာဏာရှင်များထဲက တစ်ယောက်အဖြစ် ဖော်ပြသတ်မှတ်ခြင်းကိုခံရပါသည်။ Blue Shirt Campaign သည် ဖက်ဒရယ်ဒီမိုကရေစီ Campaign ဖြစ်သကဲ့သို့ အင်မတန်ဆိုးရွားသော အကြမ်းဖက်စစ်အာဏာရှင်များကို တော်လှန်သော Campaign လည်းဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များသည် ကျွန်တော်တို့၏ ခန္ဓာကိုယ်ကို ထောင်ချ၍ရသော်လည်း ကျွန်တော်တို့၏ ယုံကြည်ချက်နှင့် ခံယူချက်ကို အကျဥ်းထောင်ထဲမှာ ထည့်၍မရသလို ၎င်းယုံကြည်ချက်သည် ပြည်သူလူထုတိုင်း၏ နှလုံးသားထဲမှာ ခိုင်ခိုင်မာမာရှိနေပြီး နှလုံးသားကိုထောင်ချ၍မရသကဲ့သို့ ယုံကြည်ခြင်းကိုထောင်ချပြီး ဖျက်ဆီးလို့ လုံး၀မရပါ။ ဤကဲ့သို့ မရသည်ကို ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင်များက သိနေပြီဖြစ်သော်လည်း သူတို့သည် အင်မတန်ရက်စက်ပြီး ကြမ်းကြုတ်လှသောကြောင့် မြန်မာပြည်သူလူထုများ၏ နိုင်ငံရေးခံယူချက်များကိုလည်း ရာဇ၀တ်မှုအဖြစ် ပြုလုပ်နေခြင်းသည် နိုင်ငံရေးခံယူချက်ကို ရာဇ၀တ်မှုသို့ ပြောင်းလဲရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းလည်းဖြစ်ပါသည်။ အကြမ်းဖက်စစ်ခေါင်းဆောင်များ၏ ဖခင်ကြီးဖြစ်သည့် ရက်စက်ယုတ်မာသော အကြမ်းဖက်ခေါင်းဆောင်ဦးနေ၀င်းသည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးပြီး သတ်ဖြတ်ခြင်းဖြင့် ကျောင်းသားခေါင်းဆောင်၏ နိုင်ငံရေးခံယူချက်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ခံယူပြီး လူမဆန်စွာလုပ်ခဲ့ပါသည်။ သို့သော် ကျောင်းသားခေါင်းဆောင်ကြီး ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးခံယူချက်ကို လုံး၀မဖျက်ဆီးနိုင်သည့်အပြင် ယနေ့မြန်မာပြည်သူလူထုများ၏ နှလုံးသားထဲမှာ အလင်းရောင်ကဲ့သို့ ဆက်လက် တောက်ပလျက်ရှိပါသည်။ ထိုနည်းတူစွာ ဆရာကြီးဦး၀င်းတင်၏ အပြာရောင်ရှပ်အကျီကို (၆) နှစ်တာ နေ့စဥ်နေ့တိုင်း၀တ်ဆင်ပြီး နိုင်ငံရေးအကျဥ်းသားများနှင့်အတူရပ်တည်ခဲ့သည့် သမိုင်းသည်လည်း ယနေ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေသော မြန်မာပြည်သူလူထုကြီး၏ ဖက်ဒရယ်ဒီမိုကရေစီ ယုံကြည်ချက်နှင့် ခံယူချက်တို့နဲ့အတူ ဆက်လက်တောက်ပလျက်ရှိပါသည်။ ဆရာကြီးဦး၀င်းတင်၏ နိုင်ငံရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးခံယူချက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် အကြမ်းဖက်စစ်အာဏာရှင်များကို အမြစ်ပြတ်ခြေမှုန်းရမည်မှာ အရေးကြီးဆုံးသောအချက်ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ၏ရန်သူဖြစ်သည့် အကြမ်းဖက် စစ်အာဏာရှင်များကို အမြစ်ပြတ်မချေမှုန်းဘဲ ဆရာကြီးဦး၀င်းတင်၏ အိပ်မက်များကိုအကောင်အထည်ဖော်၍ မရပါ။ အကြမ်းဖက် စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းရာတွင် နွေဦးတော်လှန်ရေးသည် နောက်ဆုံးသော တော်လှန်ရေးဖြစ်သကဲ့သို့ အားလုံးပါ၀င်သော တော်လှန်‌ရေးဖြစ်ရန် အလွန်အရေးကြီးနေပါသည်။ တောင်ပေါ်မြေပြန့်မရွေး၊ လူမျိုးဘာသာမရွေး၊ တိုင်းရင်းသားမရွေး ရှိသမျှအင်အားကို အသုံးပြုပြီး တစ်ညီတစ်ညွတ်တည်း တော်လှန်ပြီး ခရီးကို အဆုံးအထိ ချီတက်ရန် အရေးကြီးပါသည်။ ရောဂါကို အမြစ်ပြတ်ကုသရာတွင် တစ်၀က်တစ်ပိုင်းကုသသည်ဟူ၍မရှိသကဲ့သို့ ကင်ဆာရောဂါကဲ့သို့ မြန်မာနိုင်ငံကို ဖျက်ဆီးနေသော၊ အသက်တွေသေဆုံးနေစေသော အကြမ်းဖက်စစ်အာဏာရှင်များကို တော်လှန်ရာတွင်လည်း အမြစ်ပြတ်သည့်အထိတော်လှန်ရမည်ဖြစ်ပါသည်။ ၎င်းသည် သမိုင်းက ပေးသောတာ၀န်ဖြစ်သကဲ့သို့ ဘုရားသခင်ကပေးသောတာ၀န်လည်းဖြစ်ပါသည်။ တော်လှန်ရေးကို တစ်ညီတစ်ညွတ်တည်း အတူတကွ အဆုံးအထိချီတက်ပြီး အကြမ်းဖက်စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းပြီးလျှင် ဘာသာမရွေး၊ လူမျိုးမရွေး၊ တိုင်းရင်းသားမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျား/မ မရွေး အားလုံးအတွက်ဖြစ်သော မြန်မာနိုင်ငံအသစ်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးသည်လည်း မြန်မာပြည်သူလူထု အားလုံးကို စောင့်မျှော်ကြိုဆိုလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ရဲရင့်သတ္တိရှိသော ဖက်ဒရယ်ဒီမိုကရေစီကို ယုံကြည်သော မြန်မာပြည်သူလူထုကြီး၏ လက်ထဲမှာရှိနေပါသည်။ မြန်မာနိုင်ငံအသစ်ကို ရောက်သောအခါ မြန်မာနိုင်ငံသည်လည်း အခြားသော ကမ္ဘာ့ထိပ်တန်းနိုင်ငံများကဲ့သို့ တိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအသစ်ကိုမရောက်မချင်း ကျွန်တော်တို့တစ်တွေ လက်တွဲကြရပါလိမ့်မည်။ တစ်ဖက်မှာ ရန်သူကို အမြစ်ပြတ်ချုပ်ငြိမ်းရန် တော်လှန်နေသကဲ့သို့ တစ်ဖက်မှာလည်း မနီးမဝေးမှာ ကျွန်တော်တို့အားလုံးကို စောင့်မျှော်ကြိုဆိုနေ‌သော မြန်မာနိုင်ငံအသစ်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကြီးကို အမြဲတမ်းမြင်ယောင်မျှော်လင့်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ အခက်ခဲဆုံးသောကာလကိုရောက်ရှိနေသည့်အချိန်မှာ ကျွန်တော်တို့အားလုံးသည် ပြည်သူမှ ပြည်သူသို့ ဖြစ်နေကြရန်လိုအပ်လှပြီး ပြည်သူမှာ ပြည်သူပဲရှိသည်ဆိုသည့် ခွန်အားကို အပြည့်အ၀ရယူကြပါရန် လိုအပ်လှပါသည်။ အပြည်ပြည်ဆိုင်ရာနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ရဲရင့်သတ္တိရှိသော မြန်မာပြည်သူလူထုကို လက်ပိုက်မကြည့်ဘဲ ချက်ချင်းကူညီရန်နှင့် လိုအပ်သည်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်များ၏ အပြစ်မဲ့ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်‌သောကာလကို တိုသွားစေမည်ဖြစ်ပြီး မြန်မာပြည်သူလူထုကို မြန်မာနိုင်ငံအသစ်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် အမြန်ဆုံးအကောင်အထည်ဖော်စေနိုင်မည်ဖြစ်သည်။ လက်ရှိကာလတွင် မြန်မာပြည်သူလူထုနဲ့ ယူကရိန်းပြည်သူလူထုတို့သည် မိမိတို့နိုင်ငံများအတွက်သာ တော်လှန်ရေးတိုက်ပွဲ၀င်နေကြခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် အရေးကြီးလှသော ပထဝီနိုင်ငံရေးအကြပ်အတည်းကြီးကို ကျော်လွှားရန်အတွက် ဒီမိုကရေစီအရေးကို အသက်နဲ့လဲပြီး အသီးသီးတိုက်ပွဲ၀င်နေကြပါသည်။ ယူကရိန်းပြည်သူထုနှင့်အတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများက ခိုင်ခိုင်မာမာ ရပ်တည်ပြီး ကူညီပံ့ပိုးပေးသကဲ့သို့ မြန်မာပြည်သူလူထုကြီးကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများက ခိုင်ခိုင်မာမာရပ်တည်ပြီး တစ်ကမ္ဘာလုံးဒီမိုကရေစီအရေးအတွက် အရေးကြီးလှသော ဤတော်လှန်‌ရေးကို အမြန်ဆုံးအောင်မြင်ရန်အတွက် ကူညီဆောင်ရွက်ပေးကြပါရန် အရေးကြီးလှပါသည်။ ဆရာကြီးဦး၀င်းတင်၏အိပ်မက်များ အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက် အရေးတော်ပုံမုချအောင်ရမည်။..."

Source/publisher: 

Ministry of International Cooperation Myanmar

Date of Publication: 

2023-04-21

Date of entry: 

2023-04-21

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

787.28 KB

Resource Type: 

text

Text quality: 

    • Good