CRPH sent Message to the 74th Independence Day - (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့က မတရားသိမ်းပိုက်၍ ဖိနှိပ်ခဲ့မှုအပေါ် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တော်လှန်ရေးဖြင့် တွန်းလှန်ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဗည်းတင်နိုင်ခဲ့သော မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာအေးချမ်းကာ လွတ်မြောက်ခြင်း၏ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း‌တောင်းအပ်ပါသည်။ ၂။ တိုင်းတပါးသားတို့၏ အုပ်ချုပ်စိုးမိုးမှုအောက်တွင် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရာမှ တိုင်းရင်းသားအပေါင်း၏ သွေးစည်းညီညွတ်မှုဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ပြီး “နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်” ဟု တိတိပပ ကြေညာခဲ့ပါသည်။ ၃။ သို့သော် တိုင်းပြည်အနာဂတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ လူနေမှုဘဝ အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးကို မငဲ့ဘဲ အာဏာလောဘနှင့် အတ္တကြီးသော စစ်အာဏာရှင်တို့က လက်နက် အားကိုးဖြင့် အာဏာသိမ်းယူခဲ့ခြင်းကြောင့် နိုင်ငံအတွင်း နှစ်ပေါင်းများစွာကြာ ငြိမ်းချမ်းရေး မရရှိခဲ့ဘဲ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိသွားခဲ့ပါသည်။ လွန်ခဲ့သော ၁၀ စုနှစ်များ အတွင်း တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသော်လည်း တိုင်းရင်းသားပြည်သူများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည့် ပြည်သူ့ အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုး၍ မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခေတ်သစ်ကိုလိုနီပုံစံ အဓမ္မသိမ်းယူခဲ့ပါသည်။ ၄။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် နိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး အာဏာသိမ်းယူခဲ့သည်သာမက ဥပဒေအား လိုသလို အဓိပ္ပါယ်ဖွင့်ဆိုကာ မမှန်မကန် စွပ်စွဲ၍ ဖမ်းဆီးထောင်ချခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းပိုက်ခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ အမျိုးသမီးများအပေါ်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးတို့အား ပိတ်ပင်တားဆီးခြင်းစသည့် လူမဆန်သော အကြမ်း ဖက်မှုများကို ကျူးလွန်နေခြင်းကြောင့် ဆုံးရှုံးသွားသော လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် အခွင့် အရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကမ္ဘာတွင် မကြုံစဖူး ညီညွတ်သော ပြည်သူ့ တော်လှန်ရေးကြီး တစ်ရပ်ကို ဆင်နွှဲနေကြသည်မှာ လွန်စွာ ဂုဏ်ယူလေးစားဖွယ်ဖြစ်ပါသည်။ ၅။ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့စဉ်က ကိုလိုနီနယ်ချဲ့တို့က နည်းအမျိုးမျိုးဖြင့် သွေးခွဲ ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးကြားမှ တိုင်းရင်းသားခေါင်းဆောင်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ညီညွတ်မှုတို့ကြောင့် လွတ်လပ်ရေး ရယူနိုင်ခဲ့ ပါသည်။ ယနေ့အချိန်တွင် ဖက်ဆစ်တို့၏ နည်းလမ်းအတိုင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်က တော်လှန်ရေး အင်အားစုများအကြား သွေးခွဲခြင်းနှင့် တော်လှန်ရေးအရှိန်ကျသွားစေရန် လုပ်ကြံ သတင်းအချက်အလက် အမှားများဖြင့် ပုံဖျက်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူတစ်ရပ်လုံးက အမျှော်အမြင်ကြီးစွာဖြင့် အထူးသတိထား ရှောင်ရှားရန် လိုအပ်ပါသည်။ ၆။ မိမိတို့ ရည်မှန်းထားသည့် တိုင်းပြည်နှင့် လူမျိုး အနာဂတ်အတွက် ငြိမ်းချမ်းသာယာပြီး တန်းတူအခွင့်အရေးများနှင့် အခြေခံနိုင်ငံသားအခွင့်အရေးများအတွက် အာမခံချက် အပြည့်အဝ ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ ကွယ်ပျောက်သွားရန် အထူးအရေးကြီးပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းသွားရန် ထပ်မံ တိုက်တွန်းအပ်ပါသည်။ ၇။ ခေတ်အဆက်ဆက် တည်ရှိနေသော စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အမြစ်ဖျက်ခြေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူ့ထံမှ ဆင်းသက်လာသည့် အချုပ်အခြာအာဏာကို ပြည်သူတို့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း လေးနက်ခိုင်မာစွာ ကတိသစ္စာပြုရင်း ဤလွတ်လပ်ရေးနေ့ သဝဏ်လွှာ ကို ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-01-04

Date of entry: 

2022-01-04

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

363.84 KB

Resource Type: 

text

Text quality: 

    • Good