ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေး၌ စစ်တပ်မှ ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်သော အကြမ်းဖက်မှုများကြောင့် ကလေးသူငယ်သေဆုံးမှုအရေအတွက်များ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးအများအပြားအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာမှုအကူအညီများအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ ပံ့ပိုးပေးရန် တောင်းဆိုပါကြောင်း ပြောကြားခဲ့ (နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)

Description: 

"၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်သော ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင် ဘုတ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေး (Virtual) သို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်- (က) ကမ္ဘာပေါ်ရှိ ကလေးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ကလေးများအား ကာကွယ်ပေးရေး၊ ကလေးသူငယ်အခွင့်အရေး မြှင့်တင်ပေးရေးလုပ်ငန်းများတွင် ကောင်းမွန်စွာ ဆောင်ရွက်ပေးနေသည့် UNICEF ကို ကျေးဇူးတင်ရှိပါကြောင်း၊ UNICEF ၏ မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကူအညီပေး ရေး မဟာဗျူဟာတွင် အသက်ကယ်တင်ရေး လူသားချင်းစာနာမှု အကူအညီပေးရေး၊ အရေးကြီးသည့် ဝန်ဆောင်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ရှိစေရေးတို့ကို အလေးထားသည်ကို သိရှိရ၍ ဝမ်းသာပါကြောင်း၊ (ခ) ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အသက် ၃ နှစ်မှ ၁၇ နှစ် အကြား ကလေးငယ် ၁၁၄ ဦးထက်မနည်း စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့သောလအတွင်းမှာပင် ကလေး ၁၈ ဦး သေဆုံးခဲ့ပါကြောင်း၊ (ဂ) ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ ပဏာမလေ့လာဆန်းစစ်ချက်များအရ မြန်မာစစ်တပ်မှ ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ် တကျ ကျူးလွန်သော အကြမ်းဖက်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်သည့် ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ မတရားချုပ်နှောင်ထားသူ များအား သေသည်အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပိတ်ဆို့ခြင်း၊ အိမ်များနှင့် ဘာသာရေး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ပါဝင်ပါကြောင်း၊ (ဃ) ကရင်နီပြည်နယ် (ကယားပြည်နယ်) ၌ ခရစ္စမတ်အကြိုကာလ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် စစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများစွာအနက် တစ်ခုဖြစ်ပြီး၊ အဆိုပါဖြစ်ရပ်တွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children ၏ ဝန်ထမ်းနှစ်ဦးအပါအဝင် အမျိုးသမီး၊ ကလေးများနှင့် အရပ်သား ၃၅ ဦးထက်မနည်းကို စစ်တပ်က လူမဆန်စွာ သတ်ဖြတ်မီးရှို့ခဲ့ပါကြောင်း၊ (င) မြန်မာနိုင်ငံရှိ ဒေသများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးအများအပြားသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ယင်းကလေးများအား လိုအပ်သောအကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ အပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေ၍ ပံ့ပိုးပေးရန် မိမိအနေဖြင့် UNICEF အား မေတ္တာရပ်ခံပါကြောင်း၊ (စ) ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ကဏ္ဍစုံလူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် UNICEF မှ လိုအပ်လျက်ရှိသော ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅၁.၄ သန်း ကို UNICEF ထံသို့ ကူညီထောက်ပံ့ပေးပါရန် အလှူရှင်နိုင်ငံများအား မေတ္တာရပ်ခံပါကြောင်း၊ (ဆ) အကူအညီလိုအပ်နေသော ကလေးငယ်များဆီ အကူအညီများ အမှန်အကန်ရောက်ရှိစေရန်မှာ အရေးအကြီးဆုံးကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် ယင်းအချက်ကို မိမိအနေဖြင့် အလေးပေးပြောကြားလိုပါကြောင်း၊ ၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။..."

Source/publisher: 

Permanent Mission of Myanmar to the United Nations (New York)

Date of Publication: 

2022-02-08

Date of entry: 

2022-02-08

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

456.53 KB

Resource Type: 

text

Text quality: 

    • Good