National Unity Government: Ministry of Planning, Finance and Investment Announcement No.4/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၄/၂၀၂၁)

Description: 

"ကြေညာချက် (၄/၂၀၂၁) မေလ ၃၀ ရက် ၂၀၂၁ ခုနှစ်။ =============== TOTAL ကုမ္ပဏီက မုတ္တမဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် ( MGTC) ၏ အမြတ်ငွေခွဲဝေမှုအားဆိုင်းငံ့လိုက်ကြောင်း ကြေညာခြင်းနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက်ထုတ်ပြန်ခြင်း။ -------------------------- ၁။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး အနေဖြင့် TOTAL နှင့် မိတ်ဖက်ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသည့် မုတ္တမဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် (MGTC) က အစုရှယ်ယာရှင်များအား အမြတ်ငွေခွဲဝေမှု ဆိုင်းငံ့လိုက် ခြင်းအပေါ် ကြိုဆိုပါသည်။ ၂။ အဆိုပါအမြတ်ငွေများသည် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီက ကျုးလွန်နေသည့် အကြမ်းဖက်သတ်ဖြတ် မှုများနှင့် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အဓိက အထောက်အပံ့ပြုနေသော ရေနံနှင့်သဘာ၀ဓါတ်ငွေ့မှ ရရှိသည့် စုစုပေါင်းဝင်ငွေ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ၃။ အကြမ်းဖက်စစ်ကောင်စီအား ဆက်လက်ထောက်ပံ့ပေးနေခြင်းသည် မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်ဟု TOTAL နှင့် CHEVRON ကုမ္ပဏီတို့က တရားဝင်ထုတ်ဖော်ပြောဆိုလျက် ယခုကဲ့သို့ မှန်ကန်သော ရွေးချယ်ဆုံးဖြတ်မှုအတွက် ကြိုဆိုပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ ခိုးဝှက်ယူထားသည့် ပြည်သူ့ဘဏ္ဍာငွေများအား ပြန်လည်သုံးစွဲ၍ ပြည်သူလူထုအပေါ် ရာဇဝတ်မှုကျူးလွန်နေသည့် အဖွဲ့အစည်းသာဖြစ်သည်။ ၄။ TOTAL ကုမ္ပဏီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများအား ပြစ်တင် ရှုံ့ချရန် တာဝန်ရှိသည့်အပြင် EU နှင့် US တို့၏ ပိတ်ဆို့အရေးယူမှုများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဟု အတိအလင်း ထုတ်ဖော် ပြောဆိုထားမှုအားလည်း မှတ်တမ်းတင်စောင့်ကြည့် နေပါသည်။ ၅။ အကြမ်းဖက်စစ်ကောင်စီထံသို့ ဘဏ္ဍာငွေများ ပေးဆောင်နေခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းမျာ ၏ စံတန်ဖိုးများဖြစ်သည့် ဥပဒေကိုလေးစားလိုက်နာမှု၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှုနှင့် လုပ်ငန်းတည်ရာဒေသရှိ လူမှုအသိုက်အဝန်း၊ ဒေသခံပြည်သူများအပေါ် အကျိုးကျေးဇူး ဖြစ်ထွန်းစေမှု စသည့်အချက်များနှင့် ဖီလာဆန့်ကျင်လျက်ရှိသည် ဟု TOTAL နှင့် CHEVRON ကုမ္ပဏီတို့က တရားဝင် ထုတ်ဖော်ပြောဆိုသည့်အတွက်လည်း အသိအမှတ်ပြုပါသည်။ ၆။ သို့သော် ယခုဆိုင်းငံ့လိုက်သည့် အမြတ်ငွေခွဲဝေမှုသည် TOTAL ကုမ္ပဏီထံမှ အကြမ်းဖက်စစ်ကောင်စီရရှိနေသည့်စုစု ပေါင်းဝင်ငွေနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သည့် ပမာဏသာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ၇။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက် လုံးလုံးလျားလျား ရောက်ရှိနေသည့် မြန်မာ့ ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်း (MOGE) ထံသို့ TOTAL ကုမ္ပဏီ၏ ရတနာ သဘာဝဓါတ်ငွေ့တူးဖော် ထုတ်လုပ်ရောင်းချရေးစီမံကိန်းမှ နှစ်စဉ် ပေးဆောင်နေရသည့် ဘဏ္ဍာငွေပမာဏမှာ တရားဝင် ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြီး၊ ဆိုင်းငံ့လိုက်သည့် အမြတ်ငွေခွဲဝေမှုသည် အမေရိကန်ဒေါ်လာသန်း ၄၀ ခန့်သာ ရှိပါသည်။ ၈။ အထူးသတိပြုရန်မှာ အခြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ နိုင်ငံတကာ ကုမ္ပဏီကြီးများကလည်း လွန်စွာများပြား လှသည့် ဝင်ငွေပမာဏကို အကြမ်းဖက်စစ်ကောင်စီအတွက် ဖန်တီးရှာဖွေပေးနေသည့် အချက်ဖြစ်သည်။ TOTAL ကုမ္ပဏီအပါအဝင် အဆိုပါ ကုမ္ပဏီကြီးများထံမှ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း (MOGE) က နှစ်စဉ်ရရှိနေသည့် ဝင်ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀၀ ကျော် ရှိပါသည်။ ၉။ ထို့ကြောင့် ယခုကဲ့သို့ TOTAL ကုမ္ပဏီမှ အမြတ်ငွေခွဲဝေမှုအား ဆိုင်းငံ့ထားလိုက်သည်ဟု ကြေညာသည့်တိုင် အကြမ်းဖက် စစ်ကောင်စီသည် ပုံမှန်ရရှိမြဲ ဝင်ငွေအများစုအား ဆက်လက်ရရှိနေမည်ဖြစ်ပြီး ယင်းဝင်ငွေများဖြင့် ၎င်းတို့၏ အကြမ်းဖက်ယန္တရား သက်ဆိုးရှည်စေရန် အဓိကလိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီများ ဝယ်ယူခြင်း အပါအဝင် အခြားစစ်အသုံးစရိတ် များစွာအတွက်လည်း ဆက်လက်ဖြည့်ဆည်း သုံးစွဲနိုင်မည်သာ ဖြစ်သည်။ ၁၀။ ထပ်လောင်း ပြောကြားလိုသည်မှာ ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် သဘောဝဓာတ်ငွေ့သယ်ယူ ပို့ဆောင် ရေးကဏ္ဍ၏ အမြတ်ငွေခွဲဝေမှုအား ဆိုင်းငံ့လိုက်သည့် ဆုံးဖြတ်ချက်အားကြိုဆိုပါသည်။ ယင်းဆုံးဖြတ်ချက်မှ အစပြု၍ သယံဇာတ ထုတ်ယူမှုကဏ္ဍမှ အကြမ်းဖက်စစ်ကောင်စီရရှိနေသည့် အခြားများပြားလှသော ဝင်ငွေများဖြစ်သည့် ခိုင်ကြေးများ၊ ထုတ်လုပ်မှုအပေါ်ခွဲဝေခြင်းများ နှင့် အခွန်အကောက်များကိုပါ အလားတူဆိုင်းငံ့ရန် ထပ်တိုးဆောင်ရွက်သွားနိုင်မည်ဟု နားလည် ယုံကြည်ပါသည်။ ၁၁။ ယခုအခါ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတချို့သည် အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်စီမံမှု အောက်တွင်ရှိနေသော လက်အောက်ခံအဖွဲ့အစည်း၊ ယန္တရားများမှတဆင့် အကြမ်းဖက်စစ်ကောင်စီထံ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် ဆောင်ရွက်ချက်နှင့် ထောက်ပံ့ကူညီမှုမှန်သမျှကို လက်မခံနိုင်ကြောင်းနှင့် ပေးအပ်ရန်မသင့်ကြောင်း ပြတ်ပြတ်သားသား အသိပေး ထုတ်ဖော်ပြောကြားလျက် ရှိပါသည်။ ၁၂။ ကျွန်ုပ်တို့ အစဉ်တစိုက် တောင်းဆိုနေသည်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများ၏ ထုတ်လုပ်မှုအား ရပ်ဆိုင်းထားရန် မဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာငွေများအား အကြမ်းဖက်စစ်ကောင်စီ ထံသို့ ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများမှတဆင့် စီးဝင်မှုမရှိစေရေး တားဆီးထိန်းသိမ်းထားရန်သာ ဖြစ်သည်။ ၁၃။ TOTAL ကုမ္ပဏီနှင့် CHEVRON ကုမ္ပဏီတို့အနေဖြင့် ကျွန်ုပ်တို့တောင်းဆိုသည့်အတိုင်း အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ် ထားသော အဖွဲ့အစည်းများသို့ စီးဝင်လျက်ရှိသည့် ဘဏ္ဍာရေးအရင်းအမြစ်အားလုံးအား ဖြတ်တောက်ခြင်းသည် မိမိတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော စီးပွားရေး ကျင့်ဝတ်များအား လိုက်နာကျင့်သုံးခြင်းသာဖြစ်ပြီး အခြားအလားတူ နိုင်ငံတကာ ကုမ္ပဏီများ အတွက်လည်း အတုယူ လိုက်နာကျင့်သုံးရန် စံနမူနာကောင်း တစ်ခုအဖြစ် ပေါ်ထွန်းလာစေမည် ဖြစ်သည်။ ၁၄။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အနေဖြင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် အခြားအလားတူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများသို့ ငွေကြေးလွှဲပြောင်းမှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် အမေရိကန် အစိုးရ၏ ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်တွင် ချမှတ်ကြေညာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ ကန့်သတ်မှုများအရ မိမိတို့အဖွဲ့အစည်း၏ ကျင့်ဝတ် ဂုဏ်သိက္ခာပိုင်းအရသော်လည်းကောင်း၊ နိုင်ငံတကာဥပဒေရေးရာအရ သော်လည်းကောင်း အရင်းအနှီးကြီးမားစွာ ပေးဆပ်၍ စွန့်စားလုပ်ဆောင်ရာကျနေကြောင်းကို အထူးသတိပြုစေလိုပါသည်။ ၁၅။ အကြမ်းဖက်ကာ နိုင်ငံ၏ ကြွယ်ဝမှုများအား ခိုးဝှက်ယူနေသော တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ရန်မှ မြန်မာနိုင်ငံသူနိုင်ငံသားများအား ကာကွယ်နိုင်ရေးသည် ခရီးရှည်တစ်ရပ်ဖြစ်နိုင်ပါသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီအား မည်သည့်ဘဏ္ဍာရန်ပုံငွေမျှ မရရှိစေခြင်းသည် ၎င်းတို့ ကျရှုံးစေရေးအတွက် လွန်စွာ အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ယခု ခြေလှမ်းသည် အစကနဦးသာဖြစ်သော်လည်း အောင်မြင် ရမည်ဟု ကျွန်ုပ်တို့ ခိုင်ခိုင်မာမာယုံကြည်ပါသည်။..."

Source/publisher: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-05-30

Date of entry: 

2021-05-30

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

264.94 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: