နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"အဆွေတော် ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်မြောက် အမျိုးသားနေ့အခမ်းအနားတွင် အိန္ဒိယပြည်သူများနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ကောင်းမြတ်သော နေ့ထူးနေ့မြတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယခုကဲ့သို့ ထူးမြတ်လှသည့် နေ့ထူးနေ့မြတ်ကို (၇၄) နှစ် ကျော်ကျော်တိုင် အောင်မြင်စွာတည်တံ့ခိုင်မြဲခဲ့ သည့်အတွက် မိမိတို့အနေနှင့် အိမ်နီးနားချင်းနိုင်ငံတခုအနေနှင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ နောင်နှစ်ပေါင်းများစွာတိုင်လည်း အောင်မြင်မှုများ ဆက်လက်ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ မိမိတို့ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် သမိုင်းအစဥ်အလာ၊ ယဥ်ကျေးမှု အမွေအနှစ်၊ ယုံကြည်မှုဓလေ့ တို့ ဆက်နွယ်နေကြသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပါသည်။ သမိုင်း၏အချိုးအကွေ့များကို အတူတကွ ဖြတ်ကျော်ခဲ့ကြပြီး သမိုင်း၏ အကောင်းအဆိုးများကို အတူတကွ မျှဝေခံစားခဲ့ကြသူများဖြစ်ပါသည်။ ထို့ကြောင့်ပင် မိမိတို့ မြန်မာပြည်သူများ အနေနှင့် အိန္ဒိယနိုင်ငံ၏ လွန်ခဲ့သည့် ဆယ်စုနှစ် ကာလများ အတွင်း ဒေသတွင်း အင်အားကြီးနိုင်ငံတခုအနေနှင့် ထွက်ပေါ်လာခဲ့မှုကို များစွာ ဂုဏ်ယူမိပါသည်။ သမိုင်း၏ အကောင်းအဆိုးကို အတူတကွ ဖြတ်ကျော်ခဲ့ကြဖူးသည့်နည်းတူ ယခုမြန်မာပြည်သူများ၏ စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေမှုကိုလည်း အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအနေနှင့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အရေးပါမှုကို နားလည်သဘောပေါက်ထားပါသည်။ မိမိတို့ မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်သည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ဖြန့်ကျက်စေနိုင်ပြီး အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွား၊ စီးပွားရေးစီမံကိန်းများကို ပိုမို၍ အကျိုးဖြစ်ထွန်း စေမည်သာ ဖြစ်ပါသည်။ အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ မိမိတို့ မျှော်မှန်းထားပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတခုဖြစ်ပြီး အာရှဒေသတွင်းတွင်လည်း မိမိတို့ မြန်မာပြည်သူများ အားကျအတုယူရသည့် ဒီမိုကရေစီနိုင်ငံတခုလည်း ဖြစ်ပါသည်။ အိန္ဒိယသမ္မတနိုင်ငံတော်၏ ဒီမိုကရေစီမီးရှုးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ အပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။ အိန္ဒိယပြည်သူအများ ငြိမ်းချမ်းသာယာရှိပါစေ၊ အိန္ဒိယသမ္မတနိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ။ ..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-01-26

Date of entry: 

2023-01-26

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar, India

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

482.72 KB

Resource Type: 

text

Text quality: 

    • Good