ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ လွတ်လပ်သည့်ပြည်ထောင်များက လွတ်လပ်၍ စစ်မှန်သောတန်းတူညီမျှမှုရှိသည့် ပြည်ထောင်စုနိုင်ငံဟူသည့် ခေါင်းစဉ်အောက်တွင် ငြိမ်းချမ်းမျှတစွာ အတူယှဉ်တွဲနေထိုင်ကြရန် “ပင်လုံစာချုပ်” ချုပ်ဆိုလျက် တောင်တန်းမြေပြန့် တိုင်းရင်းသားများ၏ ပေါင်းစည်းမှုစိတ်ဓာတ်ကို ပြသနိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၅) နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူ များ၏ သွေးစည်းညီညွတ်ခြင်းပြယုဂ်ဖြစ်သည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်း (၇၅) နှစ် ပြည့်မြောက် သည့် သမိုင်းဝင်နေ့ထူးနေ့မြတ်မှစကာ ပင်လုံပဋိညာဉ်လမ်းစဉ်အပေါ် အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းအပ် ပါသည်။ ၂။ ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားပြည်သူများအကြား နှစ်ပေါင်းများစွာ သံသယများဖြင့် သွေးကွဲမှုများ ရှိခဲ့ကြသော်လည်း ဖက်ဆစ်ဂျပန်များအား တော်လှန်ကြရာတွင်မူ တိုင်းရင်းသားအားလုံးညီညွတ်စွာဖြင့် ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်နိုင်ခဲ့ကြပါသည်။ ဖက်ဆစ် ဂျပန်များ၏ လက်အောက်မှလွတ်မြောက်ပြီးနောက် နိုင်ငံလွတ်လပ်ရေးကို ကြိုးပမ်းကြချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းမှု၊ ပြည်သူများ၏ စည်းလုံးမှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် သဘောတူညီချက်များ ပါဝင်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း ဗြိတိသျှတို့က အတ္တလန္တိတ် စာချုပ်ဖြင့် လွတ်လပ်ရေးကို သီးခြားခွဲ၍ ပေးရန်၊ တောင်တန်းဒေသများကို လွတ်လပ်ရေးမပေးသေး ရန် သွေးခွဲခဲ့ကြသည်။ ၃။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွှေတိဂုံဘုရားကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပခဲ့သည့် ဖဆပလညီလာခံတွင် တိုင်းရင်းသားအားလုံးလက်တွဲကာ လွတ်လပ်သည့် ပြည်ထောင်စုကို တည်ဆောက်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးများက ၁၉၄၆ ခုနှစ် မတ်လ ၁ ရက် မှ ၁၂ ရက် အထိ ပင်လုံမြို့တွင် ပထမအကြိမ် ညီလာခံအဖြစ် စုပေါင်းစည်းဝေး ကျင်းပခဲ့ ကြပါသည်။ ၄။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ပင်လုံညီလာခံသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးကို တောင်တန်းပြည်မ အတူတကွ ရယူကြရန်၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ပြည်ထောင်စုကြီးတစ်ခု အတူတကွထူထောင်ကြရန် မျှော်မှန်းလျက် “ပင်လုံစာချုပ်” ကို ချုပ်ဆိုကာ ပြည်ထောင်စုတစ်ရပ်လုံး၏ စည်းလုံးမှုအင်အားကို ပြသလျက် ဖက်ဒရယ်အုတ်မြစ် ကို ချမှတ်ခဲ့ကြပါသည်။ ၅။ သို့သော်လည်း ဗိုလ်နေဝင်းက ပင်လုံစိတ်ဓာတ်အခြေခံမူလမ်းစဉ်ကို ဆန့်ကျင်ဖောက်ဖျက် လျက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အတွက် တိုင်းရင်းသားများ၏ မူလအခွင့်အရေးများအားလုံးဆုံးရှုံးကာ ပြည်တွင်းစစ် စတင်ခဲ့ရပါသည်။ ထိုမှစကာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစသဖြင့် စစ်အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲထားသည့် ဥပဒေများကို ပြဋ္ဌာန်းကာ တိုင်းရင်းသား ပြည်သူများအား သွေးခွဲလျက် လူမျိုးကြီးဝါဒကိုကိုင်စွဲကာ ဖိနှိပ်အုပ်ချုပ်ခဲ့ကြပါသည်။ ၆။ ထိုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးအရ ဖိနှိပ်အုပ်ချုပ်လျက်ရှိသည့် ကြားမှပင် ပြည်သူတို့က တခဲနက် ရွေးကောက်တင်မြှောက်သည့် ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွက်လာကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေးများ ခေါ်ယူလျက် ဒီမိုကရေစီဖက်ဒရယ်ဆိုင်ရာ သဘောတူညီချက်များ ချမှတ်၍ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုအထိ ချုပ်ဆိုနိုင်ခဲ့ပါသည်။ ၇။ သို့သော်လည်း အတုအယောင်ဖက်ဒရယ်ကိုသာ ပေးလိုသော ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သည့် စစ်အာဏာရှင်တစ်စုက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တခဲနက် ထောက်ခံရွေးချယ်ခဲ့သည့် ပြည်သူ့ အစိုးရအား မတရားဖမ်းဆီးလျက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာကို လက်နက်အားကိုး၍ ဥပဒေမဲ့လုယူသွားကာ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် နည်းလမ်းများဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့၊ ရွာများအား မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား မတရားလုယူခြင်း၊ ဖျက်ဆီးခြင်း အစရှိသည့် ပြစ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပါသည်။ ၈။ အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ပပျောက်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်ရေးမှ သန္ဓေတည်ခဲ့သည့် တော်လှန်ရေးစိတ်ဓာတ်များဖြင့် စုစည်း ညီညွတ် စွာ တိုက်ထုတ်ကြရမည်ဖြစ်ပါသည်။ လက်နက်အင်အား အဆမတန်သာလွန်သည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်ကို တစ်နှစ်ကြာသည်အထိ အုပ်ချုပ်ခွင့်မပေးဘဲ ဆုံးရှုံးမှုများ များစွာ ရှိနေသည့်တိုင် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကျရာကဏ္ဍအသီးသီးမှ အားသွန်ခွန်စိုက် တော်လှန်နေကြဆဲ ဖြစ်ပါသည်။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် အသက်ပေးလှူသွားခဲ့ကြသော သူရဲကောင်းများအား ဝမ်းနည်းစွာ အလေးပြုပါကြောင်း ဤသဝဏ်လွှာမှတဆင့် အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။ ၉။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုအပြီးတိုင်ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ပထမအကြိမ် ပြည်သူ့ညီလာခံ ခေါ်ယူကာ အဆိုပါဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုက လွှဲအပ်ထားသည့် အခွင့်အာဏာကို အလေးအနက်ပြုလျက် ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ပင်လုံစိတ်ဓာတ်ဖြင့် ကတိသစ္စာပြုလျက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-02-12

Date of entry: 

2022-02-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

522.96 KB

Resource Type: 

text

Text quality: 

    • Good