ပြည်ထောင်စုလွှတ်တော်ပဉ္စမအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား ထုတ်ပြန်ခြင်း

Description: 

"၃၁.၁.၂၀၂၃ရက်နေ့၊ ၁၀၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမ အကြိမ်အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား မိဘပြည်သူများ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း လေးစားစွာ အသိပေးထုတ်ပြန်အပ်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ *************************************** ပြည်ထောင်စုလွှတ်တော် ပဥ္စမအကြိမ်အစည်းအဝေးသို့ တင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နိဒါန်း ၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်အာဏာရှင်တစ်စုက လက်နက်အားကိုး၍ တရားမဝင်ဥပဒေမဲ့အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီးနောက် လွှတ်တော်ကြီးအား အင်အားအလုံး အရင်းဖြင့် ပိတ်ဆို့ထားခဲ့ပြီး မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဥပဒေမဲ့ ဖမ်းဆီးရန်အပါအဝင် လွှတ်တော်၏လုပ်ငန်းတာဝန်များ မထမ်းဆောင်စေရန် နည်းလမ်းအမျိုးအမျိုးဖြင့် ခြိမ်းခြောက်တားဆီးနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ သို့သော် မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များဟာ ပြည်သူလူထုက ယုံကြည်အားကိုးစွာဖြင့် ဆန္ဒမဲပေး ရွေးချယ်ခံရသူများပီပီ ပြည်သူလူထုနှင့် ပြတ်ပြတ်သားသားရပ်တည်၍ စစ်တပ်၏ ဖွဲ့စည်းပုံနှင့်မညီသော အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပါသည်။ ၂။ ထို့ပြင် စစ်တပ်၏ခြိမ်းခြောက်မှုအန္တရာယ်အမျိုးမျိုးကြားမှပင် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးအား အရေးပေါ်ခေါ်ယူကျင်းပ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအား လွှတ်တော်ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၅)ရက်နေ့တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအား ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သော ပါတီ (၄) ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်များနှင့် သက်ဝင်ပီပြင်သော လွှတ်တော်တစ်ရပ်၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လွှတ်တော်ရေးရာ ကော်မတီ(၁၂) ခုကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ ရေးရာကော်မတီများ၏လုပ်ဆောင်ချက်များ ၃။ ယခုအခါ ရေးရာကော်မတီများအနေဖြင့် သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်း လမ်းညွှန်များနှင့်အညီ ကော်မတီများ၏လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်နေလျက် ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကော်မတီနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့် အများ ပြည်သူများသို့ အစီရင်ခံတင်ပြနိုင်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တတိယ အကြိမ် အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ စတုတ္ထအကြိမ် အစည်းအဝေး ကိုလည်းကောင်း ခေါ်ယူကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းတာဝန်များကို တာဝန်ခံဆောင်ရွက်ရာတွင် ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် အစိုးရအား ထိန်းကျောင်းစောင့်ကြည့်ခြင်းတို့ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ လက်ရှိနိုင်ငံရေးပဋိပက္ခအား အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းတိုင်းရင်းသား မဟာမိတ်အင်အားစုများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းတို့ ခိုင်မာ အားကောင်းလာစေရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ထို့ပြင် မိမိတို့နိုင်ငံ၌ အနာဂတ် နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်ရေးအတွက် ရှင်းလင်းသောမူဝါဒ၊ လုပ်ငန်းစဥ်များ ချမှတ်ပြင်ဆင်နိုင်ရေးကိုလည်း ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။ ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပေးအပ်ထားသည့် လွှတ်တော် ၏ လုပ်ငန်းတာဝန်များအတိုင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်အရ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဒေါက်တာငိုင်းတမ်မောင်းအား လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဒေးဗစ်ဂွမ်အောင်အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်တာဝန် ပေးအပ်ခဲ့ပါသည်။ ထို့ပြင် အစိုးရအဖွဲ့နှင့် လုပ်ငန်းများအပေါ် ထိန်းကြောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရန် တစ်လလျှင် နှစ်ကြိမ် ဝန်ကြီးဌာနများအား ဖိတ်ခေါ်၍ ကြားနာဆွေးနွေးမှုများကို ပြုလုပ်နေသကဲ့သို့ မေးမြန်းလိုသည်များ ရှိပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အလျဥ်းသင့်သလို ခေါ်ယူဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါသည်။ ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လက်ရှိအချိန်ထိ ဥပဒေ (၈) ခု ကို ပြဋ္ဌာန်းခဲ့ပြီး ဒီမိုကရေစီနှုန်းများနှင့်မညီညွတ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင် အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။ လက်ရှိကာလတွင် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများ ဖျက်သိမ်းရေး၊ ခိုင်မာအားကောင်းသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်အား မိမိတို့နိုင်ငံတွင် တည်ဆောက်သွားနိုင်ရေးလိုအပ်လာမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခြားဥပဒေနှင့်မူဝါဒများကို ဥပဒေရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီရေးရာ ကော်မတီတို့က ဦးဆောင်လျက် လေ့လာသုံးသပ် ဆွေးနွေး ဆောင်ရွက်လျက်ရှိပါသည်။ ၇။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အာဏာသိမ်းစစ်တပ်၏ တရားမဝင်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ခြင်းနှင့် နိုင်ငံ တစ်ဝှမ်း အကြမ်းဖက်ဖိနှိပ်မှုများကြောင့် အခက်အခဲကြုံတွေ့နေရသည့် အကြမ်းမဖက် အာဏာ ဖီဆန်မှုတွင် အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြသော ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများ၊ စစ်ဘေးရှောင်ပြည်သူများ၊ အမျိုးသမီးနှင့်ကလေးသူငယ်များ၊ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု များကြောင့် ပိုင်ဆိုင်မှုများဆုံးရှုံးသွားရသူများ၊ ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အကျဥ်းကျခံနေရသည့် နိုင်ငံရေးသမားများ၏မိသားစုဝင်များအား ပံ့ပိုးကူညီနိုင်ရေးအတွက် ပြည်သူ့ ရေးရာကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီ၊ ပညာရေးကော်မတီ တို့က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ကော်မတီများအနေဖြင့် ပံ့ပိုးကူညီမှုများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ပ အဖွဲ့အစည်းအများ၊ အလှူရှင်များနှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ၈။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မိမိတို့နိုင်င်ငံ၌ ဖြစ်ပေါ် နေသည့် လက်ရှိပဋိပက္ခအား အဆုံးသတ်ရေးနှင့် နိုင်ငံတကာအသိုက်အဝန်း၏ လက်တွေ့ကျသော ပံ့ပိုးကူညီမှုများရရှိနိုင်ရန် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် ချိတ်ဆက်ပူးပေါင်းမှု အားကောင်း စေရေးကိုလည်း မဟာဗျူဟာချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့သို့ ဆောင်ရွက် ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့နှင့်လည်း လက်တွဲကြိုးပမ်းလျက်ရှိပါသည်။ ၉။ သက်ဆိုင်ရာကဏ္ဍအလိုက် ဖွဲ့စည်းထားရှိသည့် ရေးရာကော်မတီများအနေဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများအတွက် ဆောင်ရွက်ခြင်း၊ ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းများ၊ နေအိမ် အဆောက်အဦများအား မတရားဖျက်ဆီးခြင်း၊ သိမ်းယူခြင်း၊ လေလံတင် ရောင်းချခံရခြင်းတို့နှင့် စပ်လျဥ်း၍ အချက်အလက်များပြုစုသိမ်းဆည်းထားရှိကာ နောင်တချိန်တွင် ပြည်တွင်းပြည်ပ တရား ဥပဒေနှင့်အညီ ခုခံကာကွယ်ပေးသွားနိုင် ရေးတို့ကိုလည်း ကြိုးစားပြင်ဆင်ထားရှိပါသည်။ ၁၀။ ယခုကဲ့သို့အချက်အလက်များ ပြုစုထားရှိမှုတွင် ရွေးကောက်ခံပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၄၇၆) ဦးရှိရာ အဖမ်းဆီးခံရသူ (၄၀) ဦး၊ ပြန်လည်လွတ်မြောက်သူ (၉) ဦး၊ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၃၁) ဦး၊ ကွယ်လွန်သူ (၅) ဦးနှင့် ဆက်သွယ်၍ မရသူ (၉၀) ဦး ရှိပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် (၆၁၃) ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိပြီး လက်ရှိ အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၅၇) ဦး၊ ဖမ်းဆီးခံရပြီး ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦး၊ ရှောင်တိမ်းရင်း ကွယ်လွန်သူ (၈) ဦး၊ စုစုပေါင်း ကွယ်လွန်သူ (၁၀) ဦးရှိကြောင်း တွေ့ရှိရပါသည်။ ၁၁။ ဘဏ္ဍာငွေကြေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ လက်ရှိတော်လှန်ရေးကာလအတွင်း ပြည်သူလူထုက ထည့်ဝင်လှူဒါန်းထားသည့် ရန်ပုံငွေများကို အလေအလွင့်အနည်းဆုံးနှင့် စနစ်ကျသောဘဏ္ဍာရေးစည်းမျဥ်းများနှင့်အညီ ခွဲဝေသုံးစွဲရေးနှင့် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှု ပြည့်ဝသည့် ဘဏ္ဍာငွေသုံးစွဲနိုင်ရေးအတွက် စာရင်းများ စစ်ဆေးဆောင်ရွက်သွားနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဆက်သွယ်ချိတ်ဆက်လျက် စာရင်းဇယားများ ပြုစုပေးပို့၍ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်။ ၁၂။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို လေးစားလိုက်နာသော ခေတ်မီပြည်သူ့တပ်မတော်တစ်ရပ်‌ ပေါ်ပေါက်စေရန် လိုအပ်မည့် ဥပဒေ၊ မူဝါဒ အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန်၊ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့များအကြား ကြားခံဆက်သွယ်နိုင်ရန်သာမက ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဆိုင်ရာ ကိစ္စရပ် များအပေါ် စောင့်ကြည့်လေ့လာနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ ၁၃။ ပြည်သူလူထုနှင့် နိုင်ငံတကာမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆောင်ရွက်ချက်များအား အချိန်နှင့်တပြေးညီ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် CRPH ၏ ကြေညာ ချက်များ၊ သဘောထားထုတ်ပြန်ချက်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စများ၊ CRPH ဥက္ကဋ္ဌ၏ နိုင်ငံခြားခရီးစဥ်များနှင့် နိုင်ငံတကာမှကျင်းပသည့်ပွဲများသို့ တက်ရောက်ဆွေးနွေးသည့် မြန်မာ့ အရေး ဆွေးနွေးချက်များ၊ တိုင်းရင်းသား၊ လူမျိုးအသီးသီး၏ နေ့ထူးနေ့မြတ်များနှင့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲများသို့ ပေးပို့သည့်သဝဏ်လွှာများနှင့် တွေ့ဆုံဆွေးနွေးသည့် သတင်းများကို သတင်းမီဒီယာ Platforms တို့တွင် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံ တင်ပြလျက်ရှိပါသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်း၊ ကချင်ပြည်နယ်၊ အနန့်ပါစခန်းတို့အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းသုံး တိုက်ခိုက်မှုများ အပါအဝင် အခြားသော လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ နိုင်ငံတကာက သိရှိ၍ တုံ့ပြန်ပေးရေးတို့အတွက် နိုင်ငံတကာလွှတ်တော် အသိုက်အဝန်း အပါအဝင် ကုလသမဂ္ဂ၊ အာဆီယံတို့ထံ တိုက်ရိုက်ပေးပို့ခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ၁၄။ ပညာရေးကဏ္ဍတွင် မြေပြင်မှတင်ပြလာသည့် လိုအပ်ချက်များနှင့် တောင်းဆိုချက်များ အား ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ ပိုမိုအားကောင်းလျင်မြန်စေရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၁၅။ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကဏ္ဍတွင် ပြည်တွင်းအလုပ်သမားများ၏ အခွင့် အရေး ချိုးဖောက်ခံရခြင်းကိစ္စရပ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို စုံစမ်း မေးမြန်း၍ လိုအပ်သည့် ဥပဒေရေးရာအကူအညီများ ပံ့ပိုးကူညီနိုင်ရေးနှင့် အလုပ်သမား အေဂျင်စီ များ၏ ဥပဒေချိုးဖောက်မှုကိစ္စရပ်များနှင့်စပ်လျဥ်း၍ အရေးယူနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ပြည်တွင်းအလုပ်သမား ဥပဒေများအား လေ့လာသုံးသပ်ရေးအဖွဲ့နှင့် ပြည်ပအလုပ်သမားဥပဒေများအား လေ့လာသုံးသပ်ရေး အဖွဲ့ ဟူ၍ အဖွဲ့ (၂) ခုခွဲကာ အလုပ်သမား ဥပဒေများအား လေ့လာသုံးသပ်လျက်ရှိပါသည်။ နိဂုံး ၁၆။ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ရှင်သန်လှုပ်ရှား နေသော လွှတ်တော်တစ်ရပ်အဖြစ် ပြည်သူများက အပ်နှင်းလိုက်သော ပြည်သူ့အာဏာအား အကျိုးရှိရှိအသုံးပြု၍ နိုင်ငံတော်၏အာဏာအား ပြည်သူ့ထံ ပြန်လည်အပ်နှင်းပြီး အနာဂတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုက ကိုယ်တိုင် ပါဝင် ဆုံးဖြတ်ပေးနိုင်ရန် အခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ဦးထိပ်ပန်ဆင်လျက် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေး စွမ်းစွမ်းတမံ ကြိုးစားထမ်းဆောင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုလျက် ဤအစီရင်ခံစာအား ဖတ်ကြား တင်သွင်းအပ်ပါသည်။ ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-01-31

Date of entry: 

2023-01-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.3 MB

Resource Type: 

text

Text quality: 

    • Good