ရှမ်းနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ကျရောက်သည့် (၂၁၁၇) နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့တွင် ရှမ်းတိုင်းရင်းသား များအားလုံးနှင့်တကွ နိုင်ငံသူ၊ နိုင်ငံသားအားလုံး နှစ်သစ်တွင် ခွန်အားသစ်များ ပြည့်ဝကာ ရင်ဆိုင်ဆန့်ကျင်တော်လှန်နေရသည့် အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းနိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂။ ရှမ်းနှစ်သစ်ကူးနေ့သည် ရှမ်းတိုင်းရင်းသားအားလုံး၏ သမိုင်းအစဉ်အလာကြီးမားမှုနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း မြင့်မားခိုင်မာမှု၏ ပြယုဒ်ဖြစ်ပါသည်။ ရှမ်းရိုးရာပြက္ခဒိန်များအရ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ကို ရှမ်းနှစ်သစ်ကူးနေ့အဖြစ်သတ်မှတ်ပြီး နတ်တော်လသည် ရှမ်းဘာသာစကားဖြင့် “လိန်ကျိန်” (ပထမဆုံးလ) ဟု အဓိပ္ပါယ်ရသောကြောင့် ရှမ်းတိုင်းရင်းသား များသည် နှစ်တစ်နှစ်၏ အစကို နတ်တော်လမှ စတင်ရေတွက်ကြ၍ နှစ်သစ်ကူး ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၂၁၁၇) တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၃။ သို့သော်လည်း အကြမ်းဖက်စစ်တပ်၏ မတရားသဖြင့် တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကျ‌ရောက်ခဲ့သည့် ရှမ်းနှစ်သစ်ကူးနေ့ကိုမူ ယခင်နှစ်များလို ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း မပြုလုပ်ကြဘဲ အာဏာရှင်ကို အလိုမရှိကြောင်း ပြသခဲ့ကြ ပါသည်။ ရှမ်းတိုင်းရင်းသားများသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းတို့ကို မြတ်နိုးတန်ဖိုးထား၍ မည်သည့် အကြမ်းဖက်အုပ်ချုပ်မှုမျိုးကိုမှ မလိုလားကြောင်းကို လွတ်လပ်ရေးအတွက် အသက်ပေး ခဲ့သည့် အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သော မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းကလည်း သမိုင်းတွင် မှတ်ကျောက်တင်ခဲ့ပြီးဖြစ်ပါသည်။ ၄။ ခေတ်အဆက်ဆက်မှစ၍ ယခု နွေဦးတော်လှန်ရေးခရီးအထိ အာဏာရှင်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ရင်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုများကို လူငယ်များပီပီ လိမ္မာပါးနပ်စွာ ပါဝင်လျက်ရှိကြသည့် ရှမ်းတိုင်းရင်းသားများနှင့် တိုင်းပြည်အတွက် အသက်ပေးဆပ်သွားခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား ဤနှစ်သစ်ကူးနေ့ အခါသမယတွင် ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင် အပ်ပါသည်။ ၅။ နှစ်သစ်ကူးချိန်ဆိုသည်မှာ နှစ်ဟောင်းမှကြိုးပမ်းအားထုတ်မှု၊ ပေးဆပ်မှု၊ ဖြတ်သန်းခဲ့ရသည့် အခက်အခဲအတွေ့အကြုံများမှတစ်ဆင့် သင်ခန်းစာယူကာ လာမည့်နှစ်သစ်တွင် တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တသည့် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ အတွေးသစ်၊ အမြင်သစ်ဖြင့် အရှိန်အဟုန် မပြတ် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အင်အားစုများ အားလုံးက စည်းလုံး ညီညွတ်စွာ ရှေ့ဆက်လျှောက်လှမ်းရမည့် အချိန်ကာလတစ်ခုလည်း ဖြစ်ပါသည်။ ၆။ လူသားတိုင်းသည် မိမိတို့အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါသည်။ ထို့ကြောင့် မိမိတို့၏ကိုယ်ပိုင်အခွင့်အရေးများ မဆုံးရှုံးစေရန် မြန်မာ့မြေပေါ်၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ကွယ်ပျောက်ပြီး တိုင်းရင်းသား ပြည်သူများက နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့သော်လည်း ပုံဖော်နိုင်ခြင်းမရှိသေးသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို လက်တွေ့ကျကျ ဖန်တီးပုံဖော်တည်ဆောက်လိုသောဆန္ဒသည် မကြာသောကာလတစ်ခုတွင် ပြည့်ဝလာနိုင်တော့မည်ဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံတော်ဖြစ်သည့် အတွက် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်မှာ အထူး အရေးကြီးပါသည်။ ၇။ လူမဆန်သော အကြမ်းဖက်မှုများနှင့်စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အာဏာသိမ်း စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲကျင်းပ၍ ဥပဒေမဲ့အာဏာသိမ်းမှုမှ ထွက်ပေါက် နည်းလမ်းအဖြစ် တရားဝင်မှုရှိသည့်အစိုးရအသွင်သဏ္ဍန်သို့ လှည့်ပြောင်းနိုင်ရန် စီစဉ်နေခြင်းအပေါ် တိုင်းရင်းသားအားလုံးအနေဖြင့် ၎င်းတို့၏ သွေးခွဲမှု၊ လှည့်စားမှုများကို သိရှိနားလည်ကာ စည်းလုံး ညီညွတ်မှုဖြင့် အတူတကွ ရင်ဆိုင်ကျော်လွှား၍ ရှေ့ဆက်ကြိုးပမ်းသွားကြပါရန် လေးလေးနက်နက် တောင်းဆိုတိုက်တွန်းလိုပါသည်။ ၈။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ခေတ်အဆက်ဆက် စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအသီးအပွင့်များခံစားနိုင်သော အသိုက်အဝန်းတစ်ခု ဖန်တီး ကျန်ရစ်နိုင်ရန်နှင့် စည်းလုံးညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အနာဂတ် မျိုးဆက်သစ်တို့အတွက် ကောင်းမွေအဖြစ်ပေးအပ်နိုင်ခဲ့ရန် ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ ရှမ်းတိုင်းရင်းသားများအပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူ တွဲလက်ညီညီ ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုလျက် ဤနှစ်သစ်ကူးနေ့ သဝဏ်လွှာ အား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-11-23

Date of entry: 

2022-11-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

393.14 KB

Resource Type: 

text

Text quality: 

    • Good