ဖော်ပြချက်/အကြောင်းအရာ:
" ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့၊ ခရစ်က္ကရာဇ် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၁၀၃)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင် အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကိုလိုနီနယ်ချဲ့ခေတ်အတွင်း ကန့်သတ်ချုပ်ချယ်ချက်ပေါင်း များစွာပါဝင်သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ(၁၉၂၀) ပြဌာန်းခဲ့သည်ကို လက်မခံနိုင်သောကြောင့် ရန်ကုန်ကောလိပ် ကျောင်းသား/သူများ ဦးဆောင်ပြီး မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ရက်)နေ့တွင် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။ ထိုလူထုသပိတ်ကြီးမှ အမျိုးသားပညာရေး ကို တောင်းဆိုဖော်ပြသည့် အမျိုးသားလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါသည်။ မတရားအုပ်ချုပ်သူ ကိုလိုနီနယ်ချဲ့အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့သော ထိုနေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၀၃)နှစ်ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ယခုမျက်မှောက်ခေတ်ကာလတွင်လည်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုထံမှ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူရန်ကြိုးစားပြီး၊ အဆိုပါ လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများကို ရက်စက်စွာ ကျုးလွန်ခဲ့ပါသည်။ ထိုသို့ မတရားအကြမ်းဖက်မှုများအား ခုခံကာကွယ်နိုင်ရေး၊ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တခဲ့ကြသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များ အပါအဝင်၊ တော်လှန်ရေးအင်အားစုအသီးသီး စုပေါင်းကာ နွေဦးတော်လှန်ရေးအား ယနေ့အထိ တမျိုးသားလုံး တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့်လည်း တဖက်တွင် အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးသတ်ကျဆုံးရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေးအစရှိသည့် ကဏ္ဍပေါင်းစုံ၊ စစ်မျက်နှာစာမျိုးစုံ ဖွင့်လှစ်ကာ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့၊ အခြားတဖက်တွင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ မျှော်ရည်ချက်များကို အမြန်ဆုံး ချမှတ်အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနှင့် ချိတ်ဆက် ပူးပေါင်းကာ ပြည်သူ့နွေဦးတော်လှန်ရေး အောင်ပွဲအတွက် ဆက်လက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။
အတိတ်သမိုင်းတွင် မတရားဖိနှိပ်မှုအမျိုးမျိုးကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် လူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားမှုများကြောင့် နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ရသော သမိုင်းအောင်ပွဲ သာဓကရှိခဲ့ပါသည်။ ထိုကဲ့သို့ပင် ယခုပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း တိုင်းရင်းသားပြည်သူလူထု၏ လိုလားချက်၊ဘုံရည်မှန်းချက်ကို အခြေပြုပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC)တွင် ဖော်ပြထားသည့် လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ တန်းတူညီမျှရေး စသည့် စံတန်ဖိုးများကို ကိုင်စွဲကာ အကြမ်းဖက်စစ်အာဏာရှင်ကို လက်တွဲညီညီ ပူးပေါင်းပါဝင်ပြီး ဆက်လက်တော်လှန်သွားမည်ဆိုပါက ခေတ်သစ် အမျိုးသားအောင်ပွဲနေ့ တရက်ကို ထပ်မံ ဖန်တီးနိုင်မည်ဖြစ်ဟု အလေးအနက် ယုံကြည်ပါကြောင်း သတင်းစကားပါးလျက်၊ ယနေ့ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အတွက် ပြည်သူလူထုထံသို့ ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-12-07
Date of entry:
2023-12-07
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
1.6 MB
Resource Type:
text
Text quality:
- Good